အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂၃) ရက် 

• ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေးကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်။ 

• အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ 

• နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလို အသစ်ပေါ်ထွန်းလာခဲ့တဲ့ ဒေသအခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

• တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်းတွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆက်အသွယ်အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်။ 

• ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိလို့ ဖြစ်ပါတယ်။ စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ 

• ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ 

• အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာလေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်။ 

•စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ 

• စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုတယ်။ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရပါဘူး။ ဒါ့ကြောင့် တော်လှန်ရေးအတွင်းမှာထားတဲ့ မူအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင် အထူး ကြပ်မတ်ဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….