ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အခုဆိုရင် တိုင်းအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တွေနဲ့ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းလာကြတာ တွေရှိ တယ်လို့ သိရပါကြောင်း။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်စီမံနိုင်ဖို့ စီမံချက် တခု ရေးဆွဲပြင်ဆင်နေတာ ရှိပါကြောင်း" ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။