ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား

ဇန်နဝါရီ ၃၀ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ယနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ “ပြောင်းလဲ လာတဲ့ ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေနဲ့ အတူ လိုက်ပါဆောင်ရွက်ရမယ့် ဖက်ဒရယ်မူဝါဒရေးရာ ကိစ္စရပ်တွေပဲ” ဖြစ်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေအထိ အောင်မြင်လာ တာကို အားလုံးတွေ့မြင်နေရပြီး ဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အရေးကြီး သလို လူမျိုးရေးအရလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျွန်တော် တို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှေ့ရှုတည်ဆောက်နေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အရေးပါတဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ခုခံတော်လှန်စစ် အောင်ပွဲရလဒ်တွေကို ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစပ်တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မဟာဗျူဟာကျကျ တွေးခေါ် ချဉ်းကပ်နိုင်ဖို့လည်း လိုအပ် ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အကဲဆတ်တဲ့ အတွေးအခေါ်တွေ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှုများအပေါ်မှီတည်ပြီး လက်နက်ကိုင် ပဋိပက္ခက ယှဉ်တွဲလာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီသမိုင်းသင်ခန်းစာကို သတိချပ်ပြီး ကျွန်တော်တို့အနေနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလမှာ ပို၍ ငြိမ်းချမ်းသော လူ့ဘောင် အဖွဲ့အစည်းကို တည်ထောင်ကြဖို့ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ယခင့်ယခင်ကနဲ့ မတူတဲ့ အသစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်း နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျသော/ ညီညွတ်သော / ခေတ်မီသော ဖက်ဒရယ်မိုဒယ် [Federal model] တွေကို စဉ်းစား လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်လာရင် အကဲဆတ်တဲ့ လူမျိုးရေး အမြင်တွေကိုလည်း နိုင်ငံရေးခန္တီတရား အပြည့်အဝနဲ့ သဘောထားကြီးကြီး ရှုမြင်ကြဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ၊ အမှတ်သရုပ်ပေါင်းစုံ ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ အတူပေါင်းစည်းနေထိုင်ရေးမူဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် လက်တွေ့ အခင်းအကျင်း နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးအတွင်းမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ကိုလည်း စုပေါင်းသဘောတူညီချက်နဲ့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု အားလုံးရဲ့ တူညီသော ဘုံအတွေးအခေါ် / အယူအဆဖြစ်သလို အနာဂတ် လူ့အဖွဲ့အစည်းအတွက် အုတ်မြစ်တည်မယ့် အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမို စေးကပ်မှုရှိသော နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းကိုလည်း ရှောင်ရှားနိုင်ဖို့ လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် တိုင်းပြည်ရဲ့ ပြည်သူလူထုဟာ စစ်ဒဏ်ကြောင့် မောပန်းမှုဒဏ်ကို ခါးစည်း မခံရစေဖို့ အမြဲသတိပြုရမှာ ဖြစ်ကြောင်း၊ ပဋိပက္ခသံသရာ စက်ဝန်းကို လက်တွေ့ကျကျ ဖောက်ထွက်ဖို့ အားလုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ စစ်မှန်သော အမျိုးသားညီညွတ်ရေးအတွက် အားလုံး ဝိုင်းဝန်းတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ တည်ဆဲအခင်းအကျင်းမှာ ခေါင်းဆောင် တစ်ဦးချင်းစီရဲ့ လေးနက်တဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုက ပိုမိုလို အပ်နေ သလို နိုင်ငံသစ်တည်ဆောက်ရေးအတွက်လည်း လိုအပ်နေတဲ့ အချိန်ဖြစ်ကြောင်း ကျွန်တော်တို့ဟာ တော်လှန်ရေး ကြိုးပမ်းချက်တွေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကို မပေါ့မလျော့သော စိတ်အစဉ်နဲ့  ခွန်ပြည့်အားပြည့် လုပ်ဆောင်နိုင်စေကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “လာမယ့် ၁ ရက်နေ့ဆိုရင် အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ ပြည်သူ့ထံမှ အာဏာကိုလုယူဖို့ ကြိုးပမ်းအားထုတ်ခဲ့တာ ၃ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ တော်လှန်ရေး ၃ နှစ် တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ ငါတို့နိုင်မှာလို့ ခိုင်မာတဲ့ ယုံကြည်မှုဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ ဒီကနေ့ ဒီအချိန်ထိ တက်လှမ်း လာနိုင်တဲ့ အဓိက အကြောင်းရင်းတခု အဖြစ် တွေ့ရပါတယ်။ ကျနော်တို့ တော်လှန်ရေး ဦးဆောင်အစိုးရအဖွဲ့အနေနဲ့လည်း ၂၀၂၁ ဧပြီမှာ စတင်ဖွဲ့စည်းပြီးကတည်းက စစ်ကောင်စီ ကို အပြီးတိုင်ဖြိုချနိုင်ရေးနဲ့ ခိုင်မာတဲ့ ဖယ်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံတော်ကြီး တည်ထောင်နိုင် ရေးအတွက် အစုအဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီး ကဏ္ဍပေါင်းစုံ နည်းနာပေါင်းစုံနဲ့ လစ်ဟာမှု မရှိရ‌အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ၂ နှစ်ကျော် ကာလထဲရောက်လာပြီပဲ ဖြစ်ပါတယ်။ ၂၀၂၃ မှာ One year plan ကို ချမှတ်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ စီမံဆောင်ရွက်ခဲ့မှုတွေရဲ့ ရလဒ်တွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ကြရတာမို့ ဒီအရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တနှစ်အဖြစ် ကျနော်တို့တွေ အားလုံး စဥ်းစား ထားကြရမှာ ဖြစ်ပါတယ်။ အပြီးသတ်ချေမှုန်းပြီး  ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ရန် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှု တွေလည်း အခိုင်အမာရှိနေ ပြီလို့ ယုံကြည်ပါတယ်။ ကျနော်တို့ ဖြတ်သန်းလာတဲ့ တော်လှန်ရေး အသီးသီးကို ပြန်လေ့လာ ကြည့်ရင် ယခု နွေဦးတော်လှန်ရေးလောက် စုစည်းမှုအားနဲ့ ဇွဲသတ္တိတွေ ကောင်းတာတခါမှ မကြုံဘူးခဲ့သလို စစ်ကောင်စီဘက်ကလည်း ဒီလောက် ဘက်ပေါင်းစုံက အင်အားချိနဲ့နေတဲ့ အနေအထားမျိုး မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီအခြေအနေ အခွင့်အလမ်း တွေကို ထိထိမိမိ ဆက်လက် အသုံးချနိုင်ဖို့တော့ အင်မတန် အရေးကြီးကြောင်း ပြောလိုပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ တော်လှန်ရေးရဲ့ အရှိန်ဟာ မြန်ဆန်လွန်းတာဖြစ်တဲ့အတွက် နိုင်ငံရေး အရ ညှိနှိုင်းဆွေးနွေးကြရမယ့် ကဏ္ဍတွေအတွက်လည်း သွက်သွက်လက်လက် လုပ်ဆောင် စေချင်ပါတယ်။ စစ်ရေးအရှိန်အဟုန်နဲ့အတူ နောက်ကလိုက်ပြီး စနစ်တကျ စီမံထိန်းချုပ်နိုင်မယ့် အုပ်ချုပ်‌ရေး အစီအစဥ်တွေ၊ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးမှုတွေ အားလုံးမှာ အချိန်ကိုက် လှုပ်ရှားမှုတွေရှိဖို့ အင်မတန် အရေးကြီးပါတယ်။ စစ်‌ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေမှာ Chain of command အင်မတန် အရေးကြီး သလို အုပ်ချုပ်‌ရေးဖော်ဆောင်နေတဲ့ မြို့နယ်တွေမှာ တရား ဥပဒေစိုးမိုးရေး ကိစ္စကလည်း အင်မတန် အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ် လို့ပြောရင် တရားရေးဝန်ကြီးဌာနတခုထဲနဲ့ သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ တရားစွဲ အဖွဲ့အစည်းတွေ အားလုံးနဲ့ သက်ဆိုင်နေတာဖြစ်တဲ့အတွက် တရားစွဲအဖွဲ့အစည်းထဲပါဝင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ ပလဖ၊ ပကဖ၊ ပအဖ အပါအဝင် သစ်တောဌာန၊ သတ္တုဌာန၊ မြေစာရင်းဌာန စသဖြင့် အဖွဲ့အစုံ မှာ တာဝန်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ လျော့ရဲနေတဲ့ ပြဿနာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် နိုင်ငံတကာက တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စောင့်ကြည့်နေပါကြောင်း၊ တရားဥပဒေစိုးမိုးမှုအားကောင်းလာတဲ့အခါ အစိုးရအပေါ် ပြည်သူတွေက ယုံကြည်ကိုးစားမှုတွေ တိုးတက်လာမှာဖြစ်ကြောင်း ၊ ပုံမှန်ကာလမှာတောင် တရားဥပဒေစိုးမိုးရေးကဏ္ဍက ကိုင်တွယ်ရတာ မလွယ်ကူတာမို့ အခုတော်လှန်ရေးကာလမှာ ပိုမိုခက်ခဲမှာဖြစ်ကြောင်းနဲ့ လုပ်ဆောင် ရနိုင်သမျှနည်းလမ်းတွေရှာပြီး ဖိဖိစီးစီး စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်တွေကို တင်ပြမှတ်တမ်းတင်တာ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက COC အတည်ပြုခြင်းနဲ့ ထုတ်ပြန်နိုင်ရေး တင်ပြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။