(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

"အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း"

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ 

ယနေ့ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့ အားလုံး “ညီညွတ်သော ပေါင်းစည်းခြင်းနဲ့ ကျစ်လစ်သော စုဝေးခြင်း” ကို ပြည်ထောင်စုနေ့ အမှတ်သင်္ကေတ အနေနဲ့ တွေ့ရ၊ မြင်ရလို့ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ 

ယနေ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များမှ ခေါင်းဆောင်ကြီးများ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီမှ လွတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ခံကောင်စီ (NUCC) မှ အဖွဲ့ဝင်များနှင့် ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ 

ဒီနေ့ အခမ်းအနားဟာ ကျွန်တော်တို့အားလုံးရဲ့ အညီအညွတ် စုဝေးခြင်းနဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု၊ တစ်သားတည်းဖြစ်မှုကို အထင်အရှားပြသတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အတိတ်က ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ညီညွတ်ခဲ့ကြသလို၊ ယခု လက်ရှိမှာလည်း ကျွန်တော်တို့ဟာ ညီညွတ်ခြင်းနဲ့ စုဝေးရောက်ရှိနေကြတယ်ဆိုတာကို လက်တွေ့ ပြသခြင်းလည်းဖြစ်ပါတယ်။ 

ပြည်ထောင်စုနေ့ ပေါ်ပေါက်လာခြင်းရဲ့ အနှစ်သာရကို ကြည့်ရင်၊ ကျွန်တော်တို့ဟာ အတူတကွ စုပေါင်းနေထိုင်ခြင်းရဲ့ ကောင်းကျိုးကို လေးနက်စွာ သိမြင်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကို ကောင်းစွာ သိမြင်ခဲ့ကြတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့်လည်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူဖို့ ပင်လုံစာချုပ်ရယ်လို့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ 

ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား 

ပင်လုံစာချုပ်ဟာ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ ကောင်းချီးတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပင်လုံစာချုပ်ကို အကြောင်းပြုပြီး ထင်ရှားလာတဲ့ ပြည်ထောင်စုဖွဲ့တည်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လေးနက်သော အတိတ်သမိုင်းနောက်ခံအဖြစ် ရှိနေပါတယ်။ 

ကျွန်တော်တို့ဟာ ဒီလိုလေးနက်တဲ့ အတိတ်သမိုင်းနောက်ခံကို အစဉ်အမြဲ အောက်မေ့ သတိရခြင်းနဲ့ ညီညွတ်သော တော်လှန်ရေးခရီးကို ရှေ့ဆက်ကြရမယ်လို့ ပြောချင်ပါတယ်။ ကြီးမြတ်သော ကောင်းချီးတွေတိုင်းကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ အကြောင်းတရားတွေဟာ အမြဲတမ်း လိုလို ရှိနေတတ်ကြပါတယ်။ ပင်လုံအနှစ်သာရကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စရိုက်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားအောက်ကို ထပ်မံ ကျရောက်ခဲ့ရပါတယ်။ 

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတွေထဲမှာလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးအောင် နှောက်ယှက်ခံခဲ့ရပါတယ်။ တန်းတူညီမှုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်းဆိုတဲ့ အနှစ်သာရဟာ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပျက်သုဉ်းခဲ့ကြရပါတယ်။ ဒါ့အပြင် လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာ လူမျိုးရေးခွဲခြားမှုဟာ ကြီးမားသထက် ကြီးမားလာခဲ့တာတွေ့ရပါတယ်။ 

အခု နွေဦးတော်လှန်ရေးအတွင်းမှာ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပြန်လည် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးက ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအတွက်လည်း အားထုတ်ကြရမှာ ဖြစ်သလို၊ တည်ဆောက်ရေးအတွက်လည်း မြော်မြင် တွေးခေါ်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုသစ်အတွက် ကြိုတင် လုပ်ဆောင်ထားရမယ့် အရေးအရာတွေ အများကြီး ရှိနေတာကို မမေ့သင့်ဘူးလို့ ထင်ပါတယ်။ 

ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား 

ယနေ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့အတွက် ထပ်မံ အလေးအနက်ထားရမယ့်ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ [K3C] လို့ခေါ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စတဲ့ တော်လှန်ရေးအင်အားစုကြီးတွေနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အညီအညွတ် သဘောထားရပ်တည်ချက်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ ဘုံသဘောထား ရပ်တည်ချက်အဖြစ် ကျွန်တော်တို့ ပြည်သူလူထုကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ ကျွန်တော်တို့အစိုးရအကြား ခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်နိုင်ခြင်း လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ 

ဒီဘုံသဘောထားရပ်တည်ချက်ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ အပိုင်း (၂) တွေကို အခြေခံမူထားပြီး တော်လှန်ရေးအလွန်ကာလမှာ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံရေးလမ်းပြမြေပုံကို ဖော်ဆောင် ထားခြင်းလည်းဖြစ်ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းကြီးတွေနဲ့ ဘုံသဘောထား ရပ်တည်ချက် ရရှိနိုင်အောင် ကြိုးစားလာခဲ့တာ အခု (၃) နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသား ပြည်သူလူထုအပေါင်းကလည်း ဝိုင်းဝန်း ခွန်အားပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ 

အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို မသွေဖီတဲ့ လုပ်ဆောင်ချက်တွေ သဘောတူညီချက်တွေကို ညီညီညွတ်ညွတ် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ လူထုကို ရှေ့ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေ/ အဖွဲ့အစည်းတွေအနေနဲ့ “ငါ ပါမှ ဖြစ်မယ်၊ ငါ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ အရာတွေကို အထူး ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တော်လှန်ရေးကာလဟာ အရေးပေါ်ကာလလည်းဖြစ်တယ်။

ပြည်သူလူထုရဲ့ အသက်နဲ့ အိုးအိမ်ကို ရင်းနှီးမြှုပ်နှံပြီး ရှေ့ဆက် လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် လက်ရှိ မြှုပ်နှံပေးဆပ်မှုတွေဟာ အရင်းအနှီး သိပ်ကြီးပါတယ်။ ဒါ့ကြောင့် မိမိတို့အတ္တကို ဇက်ပိုး မသပ်နိုင်ဘဲနဲ့ တော်လှန်ရေးကို နှောင့်နှေးစေမည့်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးသတိ အမြဲ ရှိနေဖို့ လိုပါတယ်။ အခုအချိန်မှာ တော်လှန်ရေး ရှေ့ခရီး ခပ်မြန်မြန် / ခပ်သွက်သွက် လျှောက်နိုင်ဖို့ဟာ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ 

နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ လုပ်ရပ်မျိုး တွေကို ပြည်သူလူထုက လုံးဝ လိုလားမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက် နားလည်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်း ရေးကာလအတွင်းမှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင် နိုင်အောင် ဘုံသဘောတူညီချက်အနေနဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်တစ်ခုအဖြစ် ပေါ်ပေါက် လာမှုကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုလက်ကမ်းရမှာ ဖြစ်ပါတယ်။ 

ဒီဘုံသဘောထားရပ်တည်ချက်ကနေ ဆက်လက် တိုးချဲ့ စုရုံးသွားရမယ့်ကိစ္စတွေလည်း ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အလေးအနက်ထားပြီး အတူတကွ ပေါင်းစည်း ဖြစ်တည်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်တပ်တစ်အား ပါဝင်အားဖြည့်မှုကို ကျွန်တော်တို့ အလေးအနက်ထား ကြိုးစားဖို့ လိုပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားဖြည့်မှုကိုလည်း အထူး လိုလားစွာ ကြိုဆိုကြောင်း တင်ပြချင်ပါတယ်။ 

ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား 

ကျွန်တော်တို့ဟာ ယခုအချိန်မှာ အတိတ်က ကြုံဆုံခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ချီပြီး ကြည့်မြင်နားလည်နိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော်အမြင်ကိုလည်း ဆန့်ထုတ်ဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ရင်တွင်းက သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ကျွန်တော်တို့ဟာ ငြိမ်းချမ်းသော / စည်းလုံးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ရဲ့ ရင်တွင်းမှာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ကိန်းအောင်း ဖြစ်တည်စေဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေ ရှိခဲ့ရင်လည်း ဒါတွေကို စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ ပဋိပက္ခအသစ်တွေကို ထပ်မံ မကြုံတွေ့စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ စစ်ဘေး ဒုက္ခတွေကို အလူးအလဲ ခံနေကြရပါတယ်။ ဒါတွေကို အမြန်ဆုံး ပပျောက်စေဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အထူးလိုအပ်ပါတယ်။ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်ကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ ယူဆပါတယ်။ 

ကျွန်တော်တို့ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ ဒီတာဝန်ကို ကျေပွန်ကြောင်း ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမှာ ဖြစ်ပါတယ်။ လက်တွေ့ အားဖြင့် အကောင်အထည်ဖော်ပြီး ပြသနိုင်ရမှာ ဖြစ်ပါတယ်။ 

ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား 

ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အားဖြင့်‌ပြောကြားချင်တဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အထွေထွေသော ဘေးဒုက္ခတွေကို ရင်နှင့်အမျှ ကိုယ်ချင်းစာနာစိတ် အပြည့် ရှိထားဖို့ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သဘောထား သေးသိမ်မှုကြောင့် ပြည်သူလူထု ခံစားရမယ့် အေးငြိမ်းချမ်းသာခြင်းကို ထိပါးစေလို့ မရပါဘူး။ 

ဒါ့အပြင် မိမိတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ဟာ တိုင်းပြည်ရဲ့ ဆယ်စုနှစ်သော အနာဂတ်တွေအထိ စဉ်းစားရမှာဖြစ်သလို ရာစုနှစ်အတိုင်းအတာအထိ ကျော်လွန် စဉ်းစားနိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရေးပြည်ရေးကို စဉ်းစားလုပ်ဆောင်ကြတဲ့နေရာမှာ ရေတိုကိုပဲ ကြည့်လို့ မရပါဘူး / ရေရှည်ကိုလည်း မျှော်ကြည့်ဖို့ လိုပါတယ်။ 

ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့ လူထုရဲ့ အနာဂတ်ရေးကို စဉ်းစားလုပ်ဆောင်တဲ့နေရာမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အသေးအမွှား ပြဿနာတွေ / အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ အထူးအရေးကြီး ပါတယ်။ တိုင်းပြည်ဟာ “ဦးနင်း ပဲ့ထောင် / ပဲ့နင်း ဦးထောင်” မဖြစ်ဖို့ အထူးလိုအပ်ကြောင်း သတိပြု စေချင်ပါတယ်။

ကျွန်တော်တို့ဟာ ပြည်ထောင်စုသစ်ကို တည်ဆောက်တဲ့နေရာမှာ အာမခံချက်ရှိသော တန်းတူညီမျှမှုနဲ့ အာမခံချက်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထား တည်ဆောက်မှသာ အောင်မြင်နိုင်ကြောင်း သတိပြုစေချင်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအခွင့်အရေးတွေနဲ့ အာမခံချက် ရှိသော နိုင်ငံသားလွတ်လပ်ခွင့်တွေကိုလည်း အလေးအနက်ထားပြီး တည်ဆောက်မှသာ စစ်မှန်တဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….

အရေးတော်ပုံမုချအောင်ရမည်... 

ဒူဝါလရှီးလ

နိုင်ငံတော် ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ