လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး (Inclusive Humanitarian Conference Myanmar - 2023) ကျင်းပဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို “ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ခေါင်းစဉ်ဖြင့် (၂၃.၉.၂၀၂၃) ရက်နေ့မှ (၂၆.၉.၂၀၂၃)ရက်နေ့အထိ Zoom Video Conferencing System ဖြင့် ကျင်းပလျက်ရှိပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတဝှမ်းရှိ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားနေရသော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် ဆက်စပ်နှီးနွယ်သည့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် အများသဘောတူ လက်ခံနိုင်သည့် Position Paper (၁) ခု ထွက်ပေါ် လာစေရန်၊ ဆက်စပ်အဖွဲ့အစည်းများအကြား ကွန်ယက် ချိတ်ဆက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် မြေပြင်တွင်လုပ်ငန်းများ အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တည်ဆောက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်စေရန်နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-HA)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် အခြားသောတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲ (၄) ရက်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင် ပြည်သူများ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် တော်လှန်ရေးကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်/ကျဆုံး သူရဲကောင်းများဟူ၍ နေ့တနေ့ ခေါင်းစဉ်တစ်ခု ချင်းစီအလိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲအတွင်း တင်ပြချက်မှုများနှင့် တက်ရောက်လာသူများ၏ အတွေ့အကြုံဆွေးနွေးချက်များ၊ အတွေးအမြင်များကို အခြေခံပြီး ထွက်ပေါ်လာသည့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုလည်း နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်ချသူများနှင့် အလှူရှင်များထံမှ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေး နည်းလမ်းကောင်းတွေကို အဖြေရှာသွားကြမှာလည်း ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ နှီးနှောဖလှယ်ပွဲ ပထမရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်း စာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖိတ်ကြားထားသည့် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြုကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိသည့် တိုင်းများမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြေပြင်သပိတ် အင်အားစုများအပါအဝင် လူဦးရေ (၂၀၅) ဦး တက်ရောက်ခဲ့ပြီး၊ ဒုတိယရက်တွင်လည်း (၂၀၂)ဦးတတ်ရောက်ခဲ့ကြပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။