လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့

"ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ဆိုသည့်ခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ မြန်မာစံတော်ချိန်မွန်းတည့် (၁၂) နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

အဆိုပါနှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြု တက်ရောက်ကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြေပြင်သပိတ်အင်အားစုများအပါအဝင် လူဦးရေစုစုပေါင်း (၂၀၅) ဦး  တက်ရောက်ခဲ့ကြပါသည်။