အမျိုးသားညီညွတ်ရေးအစိုးရ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း တသားတည်းရပ်တည်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

အောက်တိုဘာ ၃၁ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းများအားလုံးကို ကျွန်တော်တို့အားလုံး ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ်ဂုဏ်ပြုနေမှာဖြစ်ပါတယ်။ စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ် ဆက်ဆံရေး ဒီ့ထက်ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တံပိုး အားထုတ်သွားရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်  PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း တာဝန်တွေ ကြီးမားများပြားလှပါတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို  ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း မှတ်မှတ်ရရ ပြောလို ပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲဘော်တွေ စစ်မြေပြင်မှာ ထိုးစစ်ဆင်တာတွေ/ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကနေ စစ်ရေးအောင်မြင်မှုအပေါ် အတော် လေး အထောက်အကူ ပြုလာနိုင်သလို ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် တော်လှန်ရေးကာလမှာ ‘တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်’ ဆိုတဲ့ ခံယူချက်နဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တည်ဆောက်တယ်ဆိုတဲ့နေရာမှာ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း တည်ဆောက်ရမှာဖြစ်ကြောင်းနဲ့ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုပြီးတော့ ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တော်လှန်ရေး အရှိန်ကို မြှင့်တင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့တော်လှန်ရေးကြီးဟာ ခိုင်မာတဲ့စိတ်ဓာတ်များနဲ့အတူ အဆုံးသတ်အောင်ပွဲ အတွက် ယုံကြည်မှုအပြည့်နဲ့ ဆက်လက် အားကောင်းနေဆဲ ဖြစ်တာကြောင့် ဒီခရီး ဒီလမ်းကို မယိုင်မလဲ အတူလျှောက်လှမ်းခဲ့ကြသော ပြည်သူတရပ်လုံးကို လေးစားဦးညွှတ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ယခုရက်ပိုင်းတွေအတွင်းမှာလည်း မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုဟာ ပြည်သူတရပ်လုံးကို စိတ်အား အလွန်တက်ကြွစေခဲ့ပြီး ရှေ့ဆက်ကြရမယ့် အဆုံးသတ်တိုက်ပွဲ ခရီးအတွက်တော့ အတော့်ကို အင်အားရှိစေခဲ့တဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ စစ်ဆင်ရေး ကာလ ၄ ရက်အတွင်းမှာပင် စခန်းကြီး၊ စခန်းငယ်ပေါင်း ၅၇ ခုကျော် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ရာချီကျဆုံးကာ မြို့များကိုပါ ထိန်းချုပ် ဝိုင်းပတ်နိုင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးကြီးမှာ MNDAA, TNLA, AA တို့နဲ့အတူ နွေဦးတော်လှန်ရေးက မွေးထုတ်ပေးလိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းစစ်ဆင်တယ် ဆိုတာဟာ ကျွန်တော်တို့ ပြည်သူတွေမျှော်လင့်ကြတဲ့ Symbolic လို့ပြောရမယ့် ကြီးမားတဲ့ မဟာမိတ်စုဖွဲ့မှုကို အပြောသက်သက်မဟုတ်၊ အလုပ်နဲ့သက်သေပြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအနေနဲ့ မဟာမိတ်တပ်မတော်များဟာ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုကို အလွန် တန်ဖိုးထားတယ်ဆိုတာလည်း ၎င်းတို့ထုတ်ပြန်ကြေငြာချက်မှာ အထင်းသား မြင်ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူနဲ့အတူ နွေဦး တော်လှန်ရေးရဲ့ မဟာမိတ်တပ်ပေါင်းစုကို အဖက်ဖက်က ဝိုင်းဝန်းထောက်ခံအားပေး ဝန်းရံပေး ကြဖို့ အလွန်အရေးကြီးပါတယ်။ ယခုလို စုပေါင်းစစ်ဆင်ရေးတွေကနေတဆင့် အရှိန်အဟုန် တင်ကာ တစ်လှိုင်းပြီးတစ်လှိုင်း အကြမ်းဖက်စစ်ကောင်စီကို မိမိတို့ ဒေသအသီးသီးမှ ဝိုင်းဝန်း သုတ်သင်ကြပါက အောင်စည်အောင်မောင်းတီးနိုင်ဖို့ အခြေအနေဟာ များမကြာမီမှာ ရောက်ရှိ လာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ အလစ်အငိုက် ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ကျွန်တော်တို့ အားလုံး နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်အရေးတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြပါက မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာ ပြည်သူ့အောင်ပွဲကို ရရှိသွားနိုင်ပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “စစ်ကောင်စီဟာ ပြည်သူ့ထံက အာဏာလုခဲ့တဲ့ ရက်ပေါင်း ၁၀၀၀ အတွင်း အုပ်ချုပ်ရေး ကဏ္ဍဘက်လည်း ကောင်းစွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိ၊ စီးပွားရေးကဏ္ဍဘက်မှာလည်း အခြေခံ ပြည်သူတွေ ဒုက္ခအတိရောက်ရတဲ့အထိ ကမောက်ကမတွေဖြစ်နေပြီး နိုင်ငံခြားရေးကဏ္ဍ ဘက်မှာလည်း နိုင်ငံတကာ အစည်းအဝေးတစ်ခု တက်နိုင်ဖို့တောင် ကန့်ကွက်မှုတွေ ရင်ဆိုင်ရတဲ့အထိ ဘက်ပေါင်းစုံမှာ လဲပြိုနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ဖြစ်တဲ့ စစ်ရေးကဏ္ဍဘက်မှာတောင် အခြေအနေတွေ အလွန် ဆိုးဝါးနေပြီမို့ ဒီအခြေအနေ အခွင့်ကောင်းကို ကျွန်တော်တို့ လက်မလွှတ်လိုက်ဘဲ ဆက်လက် အားကုန်ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ 

ဒီနေ့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနကလည်း လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှု အခြေအနေတွေ တင်ပြမှာဖြစ်လို့ စစ်ရေးအရှိန်မြှင့်တင်မှုရဲ့ နောက်ဆက်တွဲအဖြစ် လုပ်ဆောင် ကြရမယ့် ကဏ္ဍတွေအတွက်လည်း တပါတည်း ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အခုဆိုရင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဘက်မှလည်း မြောက်ပိုင်းက စစ်ရှောင်စာရင်းတွေ ရသလောက်စုစည်းနေပြီး ကူညီထောက်ပံ့မှု တွေ ပြုလုပ်နိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။ အဲဒီအတွက်လည်း မြန်မြန်ဆန်ဆန်နဲ့ ပြည်သူကို ကူညီပေးနိုင်ဖို့ စီမံဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း ချိတ်ဆက်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုုဆိုင်ရာ ကိစ္စတွေအတွက် အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရတာကြောင့် စစ်ရှိန်မြင့်လာမှု နောက်မှာ လိုအပ်တဲ့ လိုအပ်ချက်အသီးသီးအတွက်၊ ကြိုတင်ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီး အတွက် ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ရက်ပေါင်း ၁၀၀၀ ပြည့်ခဲ့သည်အထိ တော်လှန်ရေးတာဝန်တွေကို မိမိတို့တတ်နိုင်တဲ့ ကဏ္ဍဘက်မှ ပါဝင်ကာ တစ်ရက်မှမနားဘဲ တစိုက်မတ်မတ် ထမ်းဆောင် နေကြတဲ့ တော်လှန်ရေးရဲ ဘော်များအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ၊ မကြာခင်မှာ အဆုံးသတ်အောင်ပွဲ တက်လှမ်းနိုင်တော့မယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က နှစ်သောင်းကျပ်တန် တားဆီးရေးကြေညာချက် တင်ပြတာ ၊ ကာကွယ်ရေး ဝန်ကြီးဌာနက လက်တလောစစ်ရေးအရှိန်မြှင်တင်မှုတွေကို တင်ပြတာ ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက NCA စာချုပ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ သဘောထားထုတ်ပြန်ကြေညာ ရန် တင်ပြတာ ၊ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “ကလေးသူငယ် အကာအကွယ်ပေးရေးမူဝါဒ” အကြောင်းတင်ပြတာ နဲ့ သမ္မတရုံးအတွင်းဝန် က Strategic Communication and Public Realtions Unit ဖွဲ့စည်းတာနဲ့ အဖွဲ့ဝင်များ အတည်ပြု နိုင်ရန် တင်ပြတာ အစရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။