ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၂၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးချုပ်မှ " အစိုးရမှ တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူကို အာဏာပြအုပ်ချုပ်သောပုံစံမဖြစ်ပေါ်စေရေး အထူးကြပ်မတ်ထိန်းကျောင်းရမှာဖြစ်ကြောင်း ၊ လက်နက်ကိုင်ပြီး ပြည်သူကို နှစ်ပေါင်းများစွာ အနိုင်ကျင့်လာသော အကြမ်းဖက်ကောင်စီကို တော်လှန်နေကြသည့် မိမိတို့ အင်အားစုများအနေဖြင့် ကိုယ်မကြိုက်သည့်အလုပ်ကို ကိုယ်တိုင်ပြန်မလုပ်မိကြဖို့ အရေးကြီးကြောင်း" လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၇/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။