ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၁၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးချုပ်မှ " တော်လှန်ရေးအင်အားစုများတွင် နည်းပညာတိုးတက်မှုများအား ကောင်းကောင်းအသုံးချနိုင်သည့် အားသာချက်ရှိနေသလို ယခင်တော်လှန်ရေးအဆက်ဆက်၏ လိုအပ်ချက်များအား သင်ခန်းစာ​ယူ ပြင်ဆင်နိုင်ခြင်းသည်လည်း တော်လှန်ရေးအမြန်အောင်မြင်စေမည့် အချက်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အခြေအနေနှင့်အချိန်အခါ အသာစီးရနေသည့်ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်း ၊တခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှ သွားကြရန်  ယာယီသမ္မတကြီးမှ ပြည်သူ့ခုခံစစ် ၂ နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားသွားကြောင်း  ၊ အင်အားများကို စုစည်းနိုင်လေလေ ထိုးစစ်အရှိန်မြင့်တက်လာလေလေ ဖြစ်တာကြောင့် အချင်းချင်း စုစည်းညီညွတ်ကြဖို့ အထူးအလေးပေးတိုက်တွန်းလိုကြောင်း  " လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၆/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။