ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကျင်းပပြုလုပ်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကျွန်တော်တို့အစိုးရအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စု မစိုးမိုးနိုင်တော့တဲ့ နေရာဒေသတွေ မှာ ပြည်သူ့၀န်ဆောင်မှု၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်အေးချမ်းရေး ရှေးရှုပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်လာတာ ၃ နှစ်ပြည့် တော့မှာပဲ ဖြစ်ပါကြောင်း။ ဒါပေမယ့်လည်း သာမန်အခြေအနေမဟုတ်ဘဲ ကြားကာလ တော်လှန်ရေး ကာလ ဖြစ်တာနဲ့အညီ အကန့်အသတ်များစွာနဲ့ လုပ်ဆောင်နေကြရပြီး ပူးပေါင်းလုပ်ဆောင်မှု၊ အဆင့်ဆင့်ကွပ်ကဲမှု၊ လူအင်အား၊ ငွေကြေးအင်အား၊ စည်းစနစ်ကျနမှုတွေမှာ လိုအပ်ချက်အားနည်း ချက်တွေရှိနေတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာလည်း ရှိသလို အောင်အောင်မြင်မြင်နဲ့ အုပ်ချုပ်ရေးလုပ်ငန်း၊ ပြည်သူ့၀န်ဆောင်မှု၊ ပြည်သူလူထုအကာအကွယ်ပေးရေး၊ စစ်ဘေးရှောင်များ အကူအညီပေးရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ယခုလိုကြားကာလမှပင် အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့တဲ့ အပိုင်းကဏ္ဍများစွာလည်း ရှိပါကြောင်း။ ကြားကာလ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း မြို့နယ် တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက် စိန်ခေါ်မှုတွေကို အသေးစိတ်လေ့လာနေပြီး ကျွန်တော်တို့ ကော်မတီ၀င်များအနေနဲ့ လည်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် တက်တက်ကြွကြွဆွေးနွေးကာ ဆုံးဖြတ် ချက်များ ချမှတ်ပေးကြရမဲ့ အချိန်ပဲ ဖြစ်ပါကြောင်း။ တရားစီရင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်နိုင်ရေး ဥပဒေရေးရာတာဝန်ခံနဲ့ တရားသူကြီးအဖွဲ့တွေ ရှိနေဖို့ကို အထူးအရေးစိုက်ပြီး ဆောင်ရွက်စေလိုပါကြောင်း။ မြေပြင်မှာ အမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖ အဖွဲ့တွေ အားကောင်း ဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ မှာကြားလိုပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၀၁:၀၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။