ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးကိုဘက်ပေါင်းစုံက တိုက်စစ်ဖွင့်ပြီး အရှိန်မြှင့် ဆောင်ရွက်နေကြချိန်မှာ အုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ ထောက်ပို့ကဏ္ဍနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ် နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေးကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ အသင့် ရှိစေလိုပါကြောင်း။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက်လည်း ပြင် ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆောင်ရွက် ပေးဖို့ကို ညွှန်ကြားလိုပါကြောင်း။ ကျွန်တော်တို့အနေနဲ့ ဒီရက်ပိုင်း ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေကလည်း ဖြစ်လာတာကြောင့် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးကြဖို့လည်း တိုက် တွန်းလိုပါကြောင်း။ အချို့ဒေသများမှာ စိုက်ခင်းတွေ ပါ ရေဘေးသင့်ကုန်တာကြောင့် စိုက်ခင်းတွေ ပျက်စီးကြသလို သိုလှောင်ထားကြတဲ့ မျိုးစေ့တွေ လည်း ပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါကြောင်း။ ဒါ့ကြောင့် ရေပြန်ကျတဲ့အခါမှာ မူလအတိုင်း ပြန်လည်စိုက် ပျိုးနိုင်ကြဖို့ လိုအပ်တဲ့ မျိုးစေ့ ထောက်ပံ့မှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ စိုက်ပျိုးရေးဌာနဘက် ကလည်း စဥ်းစားထားဖို့လိုမှာ ဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၄/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။