အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” တွင်ပြောကြားသည့် အဖွင့်အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” တွင်ပြောကြားသည့် အဖွင့်အမှာစကား

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့

ယနေ့ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား”သို့ တက်ရောက် လာကြပါသော အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တော်လှန်ရေးကို အတူတကွ ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ တက်ရောက်လာသူများ၊ ပြည်သူများနဲ့ ၈၈ အရေးတော်ပုံ မျိုးဆက်ခေါင်းဆောင်များ အားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ 

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဒီကနေ့ဟာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ပြည်ထောင်စုသား အားလုံး အတူတကွ ဆန့်ကျင်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့ကို အစွဲပြုပြီး ကျင်းပတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးအမြတ်တန်ဖိုးထားသူတိုင်းက နှစ်စဥ် သြဂုတ် လ (၈) ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အလေးထား ကျင်းပကြပါတယ်။ ယနေ့အချိန်အခါမှာဆိုရင်တော့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သရုပ်မှန်ဟာ အခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက ဒီအတိုင်းပဲဆိုတာကို ၁၉၈၈ အရေးတော်ပုံကာလကို မမှီလိုက်တဲ့ ယနေ့ခေတ်မျိုးဆက် တွေအနေနဲ့လည်း မျက်ဝါးထင်ထင် တွေ့မြင်သိရှိကြပြီး နှစ်ပေါင်းများစွာ အမြစ် တွယ်နေတဲ့ ဒီစစ်အာဏာ ရှင်စနစ်ကို ဝိုင်းဝန်းဖြိုချကြဖို့ ကြိုးပမ်းနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု နွေဦးတော်လှန်ရေးကတော့ ခေတ်အဆက် ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြီဆိုတာကို ဦးစွာပြောကြားလိုပါတယ်။ 

ယနေ့ အရှိန်ကောင်းကောင်းနဲ့ ဆင်နွှဲနေကြတဲ့ လူထုတော်လှန်ရေးကြီးနဲ့ ရှစ်လေးလုံး အရေး တော်ပုံကြီးဟာ ခေတ်ကာလအခြေအနေနဲ့ တော်လှန်ပုံနည်းလမ်းတွေ မတူညီတာရှိကောင်းရှိနိုင်ပေမယ့် အနှစ်သာရအားဖြင့် အတူတူပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ ရည်မှန်းချက်တွေအတွက် ခေတ်အဆက်ဆက် တိုက်ပွဲ ဝင်လာကြတာ ဖြစ်ပါတယ်။ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီအောက်မှာ ၁၉၆၂ ကနေ ၁၉၈၈ ထိနေခဲ့ရတဲ့ ပြည်သူတွေဟာ ရဲစွမ်းသတ္တိအရာမှာ ယနေ့ခေတ် တော်လှန်လူထုနဲ့ ယှဥ်ရင် နည်းနည်းမှမလျော့သော်လည်း ဆင်းရဲမွဲတေမှုဒဏ်၊ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ ဒဏ်တွေကို ပိုမိုခံစားခဲ့ရတဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေကြားကပင် ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်ခဲ့ကြတာ ဖြစ်လို့ ဒီလို ၈၈ လူငယ်မျိုးဆက်တွေရဲ့ သတ္တိနဲ့ စွမ်းရည်ကို ခေတ်အဆက်ဆက် တော်လှန်ရေး ဆင်နွှဲခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ စံပြုခဲ့ကြရတာပဲ ဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာတော့ ၁၉၈၈ ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ တော်လှန်စိတ်ဓါတ်တွေနဲ့ လူထုကြီးဟာ ၂၀၁၂ နောက်ပိုင်းပိုမို ပွင့်လင်းလာတဲ့ နိုင်ငံရေးအသိ၊ စစ်ရေးအသိတွေ မြင့်မားလာပြီး ပြည်ထောင်စုသားများအချင်းချင်းလည်း၊ ခေါင်းဆောင် များကြားသာမက လူထုများအကြားပါ ချိတ်တွဲ ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ တော်လှန်ရေးကြီးဟာ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများအပြင် မဟာမိတ်စုဖွဲ့မှုပါ ပိုမိုအားကောင်းစွာနဲ့ အကြမ်းဖက်စစ်အုပ်စုကို ယိုင်နဲ့ပြီး အသက်ရှုကြပ်လောက်အောင် ဆောင်ရွက်နေနိုင် ကြတာ ဖြစ်ပါတယ်။ 

နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ တော်လှန်ပြည်သူလူထုရဲ့ ပြင်းပြတဲ့ခံယူချက်ပဲ ဖြစ် ပါတယ်။ တကယ်တော့ ၁၉၈၈ ကတည်းက ၂၀၂၁ ခုနှစ်အထိ ပြည်သူ့ခေါင်းဆောင်တွေဟာ စစ်အာဏာ ရှင်တွေကို ပြည်သူနဲ့ ပူးပေါင်းကြဖို့  နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပြီး အချိန်တွေပေးခဲ့ကြပေမယ့် စစ်အာဏာရှင်တွေရဲ့ စရိုက်က နည်းနည်းမှ မပြောင်းလဲလာခဲ့ပါဘူး။ ဒါ့ကြောင့် ယနေ့ခေတ် တော်လှန် မျိုးဆက်ကြီးတစ်ခုလုံးအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်ပြီး ကြိုးပမ်းအားထုတ်ကြမယ်ဆိုတဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်‌ရေးအဖြစ် အားသွန်ခွန်စိုက် ဆင်နွှဲ နေကြတာ ဖြစ်ပါတယ်။ 

၁၉၈၈ ကနေ အစတည်ခဲ့တဲ့ တော်လှန်‌ရေးစိတ်ဓါတ်၊ ခံယူချက်တွေနဲ့ အနှစ်သာရတွေကို လက်ဆင့်ကမ်းလာတဲ့ ဒီကနေ့ တော်လှန်ရေးကြီးကို ကြည့်လိုက်မယ်ဆိုရင် သမိုင်းတစ်လျှောက် တော်လှန်ရေးအားအကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သလို မဟာမိတ်စုဖွဲ့မှုအပိုင်းမှာလည်း သမိုင်းတစ်လျှောက် စုစည်းညီညွတ်မှုအရှိဆုံးအချိန်ကို ရောက်ရှိနေပြီဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အတူတကွ အသက်တွေစွန့်ပြီး လက်ချင်းချိတ်ကာ တိုက်ပွဲဝင်ကြတဲ့ မဟာမိတ်စုဖွဲ့မှုမျိုးပဲ ဖြစ်ပါတယ်။ လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ နိုင်ငံရေးအသိကလည်း အံ့သြလောက်အောင် မြင့်မားလာတာဖြစ်လို့ ၃ နှစ် ခွဲနီးပါးကြာမြင့်တဲ့အထိ တော်လှန်ရေးအပေါ် ထောက်ခံစိတ် နည်းနည်းကလေးမှ ကျဆင်း မသွားတာကို လည်း တွေ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထုကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တဖက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိပါတယ်။ အခုဆိုရင် သမိုင်းတွင်မယ့်အောင်ပွဲကြီးတွေ ဆက်တိုက် ရရှိနေပြီး အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အနိမ့်ပါးဆုံး အချိန်နဲ့ အင်အားအနည်းဆုံး အခြေအနေကို ရောက်ရှိပြီဆိုတာကိုလည်း အားလုံးသိရှိပြီး ဖြစ်မယ်ထင်ပါတယ်။ 

ဒါကြောင့် ဒီနေ့လို သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးမှာ ၁၉၈၈ အရေးတော်ပုံကြီး အပါအဝင် တော်လှန်ရေးအဆက်ဆက် ဒီမိုကရေစီ၊ ဖက်ဒရယ်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွား တဲ့ သူရဲကောင်းရဲဘော်များ အားလုံးကိုလည်း ဒီနေရာကနေ လေးစားဂုဏ်ယူစွာ အလေးပြုအပ်ပါတယ်။ ဒီသူရဲကောင်းတွေ မျှော်လင့်ခဲ့တဲ့ အောင်ပွဲတွေကလည်း တစထက်တစ ပိုမိုနီးကပ်လာပြီဖြစ်တာကြောင့် သူရဲကောင်းတွေအားလုံးလည်း ဒီအခြေအနေအပေါ်မှာ ကျေနပ်လိမ့်မယ် ထင်ပါတယ်။  ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း ပြည်သူတစ်ရပ်လုံးနဲ့အတူ မဟာမိတ် အင်အားများအားလုံးနဲ့ လက်တွဲညီညီ ချိတ်ဆက်လျက် ရှစ်လေးလုံး တော်လှန်စိတ်ဓါတ်ကို ယနေ့ခေတ် အင်အားတွေနဲ့ ပေါင်းစပ် ကာ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။