အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၆) ရက်

ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည် ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ 

အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ်  လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။