၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

သြဂုတ်လ (၂၄) ရက်။ ၂၀၂၁ ခုနှစ်



လွန်ခဲ့သောလေးနှစ်ကာလက ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်မှုများ၊ ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နေရပ်ရင်းမှ လူအမြောက်အများ ပြောင်းရွေ့ခဲ့ရမှုများကြောင့် ရိုဟင်ဂျာပြည်သူ ထောင်ပေါင်းများစွာတို့သည် နေအိမ်မှစွန့်ခွာခဲ့ရပြီး အိမ်နီးနားချင်းနိုင်ငံများတွင် ခိုလှုံနေခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးစိတ်မကောင်းဖြစ်မိပါသည်။

ထိုသို့ဆိုးဝါးးလှသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့်စစ်တပ်သည် လူမျိုး၊ ဘာသာရေး၊ လိင်စိတ်ကွဲပြားမှု သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်တို့အပေါ် အခြေခံ၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်နေထိုင်ကြသောသူများကို လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ပွဲဆိုင်ရာရာဇဝတ်မှုများကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ကျုးလွန်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှစ၍ မြန်မာပြည်သူအားလုံးသည် ရက်စက်ကြမ်းကြုတ်လှသော ပြစ်မှုများနှင့် အကြမ်းက်မှုများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်း သတင်းမီဒီယာများမှတဆင့် တကမ္ဘာလုံးမျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာများနှင့် တနိုင်ငံလုံးရှိပြည်သူများအပေါ် စစ်တပ်က သမိုင်းတလျောက်လုံးကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုတို့‌ကို‌ဖော်ဆောင်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမှန်တရားနှင့် တရားမျှတမှုတို့၏အကျိုးအတွက် ပြစ်မှုကျူးလွန်သူများ၏ တာဝန်ရှိမှုကို ဖော်ဆောင်နိုင်ရန် အရေးကြီးပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောင်အနာဂတ်တွင် ရက်စက်ကြမ်းကြုတ်မှုများထပ်မံမဖြစ်ပွားအောင် ‌တားဆီးနိုင်မည်ဟု မိမိတို့ယုံကြည်ပါသည်။ ထို့အတွက်ကြောင့် မိမိတို့သည် နိုင်ငံတကာတရားစီရင်ရေးလမ်းကြောင်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့နောက်ပိုင်းမှစပြီး မြန်မာနိုင်ငံ၏နယ်နမိတ်အတွင်းကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (International Criminal Court -ICC) ၏ လုပ်ပိုင်ခွင့်ကို လက်ခံသဘောတူကြောင်း ကြေညာချက်တစောင်ကို တရားရုံး၏ မော်ကွန်းဌာနသို့ တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ထိုသတ်မှတ်ရက်သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး အစောဆုံး ခွင့်ပြုထားသည့်ရက်ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အိမ်နီးနားချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများနေထိုင်နေရသည့် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းတွင်နေထိုင်ရင်း အခြေအနေဆိုးများကို ဆက်လက်ရင်ဆိုင်နေရသည့် ရိုဟင်ဂျာပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်မိပါသည်။ ရိုဟင်ဂျာပြည်သူများ လုံခြုံစွာ ဂုဏ်သိက္ခာရှိရှိဖြင့် ဆန္ဒအလျောက် နေရပ်ရင်းပြန်လာနိုင်ရေးသည် မိမိတို့၏ အထူးဦးစားပေးအချက်ပင်ဖြစ်သည်။ ၁၉၈၂ နိုင်ငံသားဖြစ်မူဥပဒေကို ပယ်ဖျက်ပြီး ထိုဥပဒေနေရာတွင် နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် မည်သည့်နေရာတွင်မွေးဖွားသည့်ဖြစ်စေ နိုင်ငံသားများကမွေးဖွားခဲ့သည့်ကလေးသူငယ်တိုင်းကိုမဆို နိုင်ငံသားအဖြစ်အသိအမှတ်ပြုသော ဥပ‌‌ဒေဖြင့် အစားထိုးခြင်း၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား အဆင့်အမျိုးမျိုးဖြင့် ထုတ်ပေးသည့်လုပ်ငန်းစဥ်ကိုဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒုက္ခသည်မား နေရပ်ရင်းပြန်လာရေးလုပ်ဆောင်ရာတွင် ကြုံရသည့် ပြသနာကိုဖြေရှင်းနိုင်ရမည်ဟု မိမိတို့ယုံကြည်သည်။

ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာအရေး၏ အခြေခံအကြောင်းရင်းတရားများကို ထုတ်ဖော်ရန် အရေးကြီးကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံတရာအဖွဲ့အစည်းများ၏ အစီရင်ခံစာများပါ ဖြစ်နိုင်သောအဖြေရှာမှုများနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းတို့က တိုက်ရိုက်အကြံပြုတင်ပြချက်များကို ထည့်သွင်း စဥ်းစားရမည်ဖြစ်ကြောင်းတို့ကို မိမိတို့ လက်ခံသဘောတူသည်။ ပြည်ထေင်စု တိုင်းရင်းသားလူမျိုးများအားလုံး ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းသည်သာလျှင် နိုင်ငံအတွက်အကောင်းဆုံးအဖြေဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သည်။ ထိုရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်ရန်အတွက် အခြားသောတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေလျက်ရှိသည်။

ယခုကျရောက်သည့် နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖယ်ဒရယ် ဒီမိုကရေစီပ၎ိညာဥ်တွင် ဖော်ပြထားသည့် အခြေခံမူများဖြစ်သော ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးသည် အခြေခံလူ့အခွင့်အရေးများနှင့် လူ့ဂုဏ်သိက္ခာများ၊ လူပုဂ္ဂိုလ်တဦးချင်းအလိုက်ခံစားခွင့်ရှိသည့် တစ်သီးပုဂ္ဂလအခွင့်အရေးများနှင့် လူမျိုးအုပ်စုအလိုက်ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို ရရှိခံစားနိုင်ရေးနှင့် ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ နောက်ထပ်မပေါ်ပေါက်နိုင်မည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း‌ပြောကြားအပ်ပါသည်။