မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် 

မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၂) ရက်

၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူ အခွင့်အရေး ရရှိရေးအတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး တို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းများ အများအပြားရှိ ကြပါသည်။ 

၂။ ၁၉၄၈ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် မွန်၊ရခိုင် နှင့် ကရင်စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာ သီးခြားပြည်နယ် သတ်မှတ်ဖော်ထုတ်ပေးရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် “ခေတ်သစ် မွန်လက်နက်ကိုင်တပ်” ကို နိုင်ပန်းသာ၊ နိုင်အောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ် လူငယ် (၂၇)ဦးတို့မှ ဦးဆောင်ပြီး ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ “မွန်လက်နက်ကိုင် တော်လှန်ရေး” ကို စတင်ခဲ့ကြသည့်  ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇူလှိုင်လ (၂၀) ရက်နေ့၊ နံနက် (၆:၃၀) (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) ကို ဂုဏ်ပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါသည်။

၃။ (၂၂-၀၈-၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၁၉၄၈ ခုနှစ် တော်လှန်ရေးကာလအတွင်း၌ ကျဆုံးလေပြီးသော မွန်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ကြောင်းနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ မွေးဖွားလာသည့် မွန်လူမျိုးများ၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များအောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ 

၄။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသော်လည်း အုပ်ချုပ်သူဗဟိုအစိုးရအဆက်ဆက်မှ တိုင်းရင်းသားတို့ ၏ရသင့်ရထိုက်သောကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် ဖက်ဒရယ်နိုင်ငံထူထောင်ရေးကတိကဝတ် တောင်းဆိုချက်များအပေါ်တွင် လျစ်လျှူရှုကာ လက်နက်ဖြင့်ဖြေရှင်းသည့်ယဉ်ကျေးမှုသည် အမြစ်တွယ် ခဲ့သည်မှာနှစ်ပေါင်း ၇၀ ရှိခဲ့ပြီဖြစ်သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာ သိမ်းလိုက်ခြင်းသည် နိုင်ငံရေးတွင် စစ်တပ်မှထာဝရဝင်ရောက်စွက်ဖက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတို့အတွက် ပို၍ပင်ဝေးကွာသွား စေနိုင်သည်ဟု မိမိတို့မှထင်မြင်မိပါသည်။

သို့ဖြစ်၍စစ်အာဏာရှင်စနစ်အားဖျက်သိမ်းနိုင်သည်အထိမွန်ပြည်သူများနှင့်တိုင်းရင်းသားလူမျိုး အားလုံးမှ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ကြိုးစားရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် မွန်အမျိုးသားတော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်