အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ကျင်းပပြုလုပ်၊ ၂၄ ဩဂုတ် ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ ယာယီသမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ၂၀/၈/၂၀၂၁ မှစ တင်ကာ ပြည်သူများနှင့် ဆက်သွယ်မှု မပြတ်အောင် ရေဒီယိုအသံလွင့်မှု အစီအစဉ်ကို  စတင် စမ်းသပ်ထုတ်လွင့်ခဲ့ခြင်း၊ CDM များကို ထောက်ပံ့နိုင်ရေးအတွက် အောင်လံလွင့်ချီ နွေဦးထီ ကို အောင်မြင်စွာ စတင်နိုင်ခြင်း၊ Covid-19 ကုသ ထိန်းချုပ် ကာကွယ် နိုင်ရေးအတွက် စီမံချက်ချမှတ် လုပ်ဆောင်နေခြင်း၊ ကမ္ဘာ့ နိုင်ငံကြီးအချို့မှ NUG အစိုးရအား ထိတွေ့ ပူးပေါင်းလုပ်ဆောင်နေခြင်း တို့ဟာ စစ်ကောင်စီကို အလွန်ပင်ထိခိုက်စေတာတွေ့ရကြောင်း၊ တစ်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ နှင့် PDF တပ်ဖွဲ့ဝင်များမှ စိတ်ဓါတ် တက်ကြွစည်းလုံး စွာဖြင့်  မိမိတို့၏ ဒေသကို ရရာ လက်နက်ဖြင့် အသက်ပေးကာကွယ်မှု ပိုမို လုပ်ဆောင်လာတာ တွေ့ရသည့် အတွက် အလွန်ချီးကျူးဂုဏ်ယူကြောင်း၊ ကြားရသည့် သတင်းများအရ စစ်တပ်အတွင်းတွင် ပြည်သူများဖက် ရပ်တည်ပူးပေါင်းလာကြသည့် ဦးရေ ပိုမို တွေ့ရှိလာရပြီး ထပ်မံပူးပေါင်းလာမည့် တပ်မတော်သားများလည်း ရှိသည်ကိုသိရပါ ကြောင်း၊၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်း အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အပြစ်မဲ့ပြည်သူများ အကြမ်းဖက်သတ်ဖြတ်နေသည့်လုပ်ရပ်ကို အလိုမရှိသော တပ်မတော်သားများ နှင့် ပြည်သူ့ရဲများ ပြည်သူများထံ ခိုလှုံလာသူများအား လုံခြုံစွာ ကာကွယ် စောင့် ရှောက်မှုပေးဖို့ ပြည်ထောင်စု၀န်ကြီးချုပ် ဦးဆောင်ကာ ကောင်မတီတရပ်လည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းတပ်မတော်သားများ နှင့် ပြည်သူ့ ရဲတပ်ဖွဲ့၀င် များ၏ မိသားစုများ စားဝတ်နေရေးအတွက် မိမိတို့အစိုးရမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တလှမ်းချင်းအတွက် အမှားအယွင်းမရှိအောင် သတိကြီးစွာ လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းများပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူလူထု၏ ယုံကြည်ပေးမှုတွေ၊ ဇွဲသတ္တိခွန်အားတွေနဲ့ အတူရုန်းကန် လာခဲ့လိုက်ကြတာ အာဏာသိမ်းပြီး ၇ လထဲရောက်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း ၊ ၇ လ ကြာမြင့်လာပေမယ့် ပြည်သူတွေဟာ တော်လှန်ရေးအပေါ် အားလျော့သွား တာမျိုး မရှိဘူး ဆိုတာကိုလည်း နေ့စဉ်ဖြစ်ရပ်တွေကသက်သေပြနေကြောင်း၊ ကျတော်တို့ရဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့အောင်မြင်မှုဟာဆိုရင်လည်း ပြည်သူတွေအနေနဲ့ကျတော်တို့ NUG အစိုးရအပေါ်မှာ အားမလိုအားမရ ဖြစ်နေတာတွေရှိပေမယ့် ကျတော်တို့ရဲ့အခက်အခဲတွေကို နားလည်ပေးပြီး ကျတော်တို့နဲ့ တသားတည်း ရှိနေတယ်ဆိုတာကိုကောင်းကောင်း သိမြင်လိုက်ရကြောင်း၊ ပြည်သူတွေက အဆုံးစွန်နားလည်မှုတွေပေးပြီး အသက်တွေ ဘဝတွေ သွေးတွေ ချွေးတွေနဲ့အစွမ်းကုန် အင်တိုက်အားတိုက်ပါဝင်နေတဲ့ဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဆောင်ပေးဖို့ကျတော်တို့မှာ ပိုတာဝန်ရှိသလို ခံစားရပါ ကြောင်း၊ အခုဆိုရင် အဖမ်းအဆီးတွေ ပိုမိုများပြားလာသလို တိုက်ပွဲတွေလည်း နေရာအနှံ့ပိုဖြစ်လာတာမို့ ကျတော်တို့တုံ့ဆိုင်း နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ ပိုသေချာလာကြောင်း၊ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာဆိုရင် ကျတော်တို့ဟာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကော်မတီကို သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ လက်အောက်ကနေ ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း၊ မနေ့ကဆိုရင်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြမယ့် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ခဲ့ပြီး ဒါနဲ့ပါတ်သတ်လို့ ဆက်လက်စီမံဆောင်ရွက်သွားဖို့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ကျတော်ကဦးဆောင်ပြီး ဆောင်ရွက်နေကြောင်း၊ ပြည်သူ့အားကို ယုံကြည်ပြီး အောင်စိတ်နဲ့ရှေ့ဆက်ကြမည်ဖြစ်ကြောင်း၊ အခက်အခဲတွေ မပြည်စုံမှုတွေ ရှိမှာအသေအချာ ဖြစ်သော်လည်း အဲ့ဒါတွေကို ပြည်သူတွေရဲ့စိတ်ဆန္ဒပြင်းပြနေမှုတွေနဲ့အတူ ကျတော်တို့ညီညီညွတ်ညွတ်နဲ့ ယုံကြည်ချက်အပြည့်ထားပြီး  ကျော်လွှား ကြဖို့တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ Covid 19 အတွက် လက်ရှိဆောင်ရွက်ချက်များနှင့်ပါတ်သတ်၍ ဆွေးနွေးပြီး နေ့လည် ၁၁ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။