ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် မူဝါဒ ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကြေညာချက်အမှတ် (၈/၂၀၂၁) 

၂၃ ဩဂုတ် ၂၀၂၁

“ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် မူဝါဒ ထုတ်ပြန်ကြေညာခြင်း”

၁။ ယနေ့ မြန်မာနိုင်ငံတွင် “အမျိုးသားညီညွတ်ရေးအစိုးရ”သည် ပြည်သူ့ဆန္ဒနှင့်အညီ ပေါ်ပေါက် လာသည့် “တရားဝင်” ပြည်သူ့အစိုးရ ဖြစ်သည်ဟုလည်းကောင်း၊ စစ်ကောင်စီသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ “တရားမဝင်” အာဏာသိမ်းယူထားရုံသာမက ပြည်သူကိုဖိနှိပ် ညှင်းပမ်းသတ်ဖြတ်နေသော “အကြမ်းဖက်စစ်အုပ်စု” ဖြစ်သည်ဟုလည်းကောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် သက်သေ အထောက်အထားဖြစ်စဉ်များက ဆုံးဖြတ်သတ်မှတ်ပြီး ဖြစ်သည်။

၂။ ယခုအခြေအနေတွင် စစ်ကောင်စီ၏အမိန့်အာဏာကို မလွန်ဆန်နိုင်၍ ၎င်း၏ လက်အောက်တွင် ဆက်လက်ရပ်တည်နေကြသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ခါးပိုက်ဆောင်နှင့်လက်ကိုင်တုတ်အဖြစ် ဆက်လက်ရပ်တည်မည့်အစား အမှန်တရားနှင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရပ်တည်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုကို ခံယူရေးအတွက် မိမိတို့၏ကိုယ်ပိုင်အသိဉာဏ်ဖြင့် ယှဉ်လျက် ရွေးချယ်ဆုံးဖြတ်ကြရန် လိုအပ်လာသည်။

၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်များအဖြစ် ရပ်တည်နေခြင်းသည် အချုပ်အခြာအာဏာကို အလွဲသုံးစားပြုခြင်း၊  ပြည်သူကို ပုန်ကန်ခြင်းဖြစ်သည့်အတွက် ပြည်သူ၏ အရေးယူဒဏ်ခတ်မှုကို မလွဲမသွေခံယူကြရမည်ဖြစ်ကြောင်းကို လေးလေးနက်နက် သတိပြုအပ်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကာ ပြည်သူနှင့်ပူးပေါင်းမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့များ၏ ရပ်တည် ချက်မှန်ကန်မှု၊ ဉာဏ်အမြှော်အမြင်ရှိမှုကို လေးစားအသိအမှတ်ပြုလျက် ၎င်းတို့အတွက် လိုအပ်သော တာဝန်ယူမှုနှင့် ကူညီစောင့်ရှောက်မှုများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အောက်ပါ မူဝါဒများကို ချမှတ်လိုက်သည်-

 (က) တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် လမ်းခွဲလျက် ပြည်သူ့ရင်ခွင် ခိုလှုံရန် ဝန်ခံကတိပြုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား “ပြည်သူ့သားကောင်းများ”                     အဖြစ် အသိအမှတ်ပြုမည်။

 (ခ) ၎င်းတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်သက်၊ ရာထူး နှင့် ပင်စင်တို့အား အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်တာဝန်ယူမည်။

 (ဂ) ၎င်းတို့ လတ်တလောလိုအပ်သော အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနှင့် ဘဝရပ်တည်မှုတို့ကို အာမခံနိုင်သော ကူညီစောင့်ရှောက်မည့်အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်။

 (ဃ) ပြည်သူ့ရင်ခွင်ခိုလှုံမည့် တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခြင်း၊ ဒဏ် ခတ်အရေးယူခြင်း မပြုလုပ်ရန် "ပြည်သူ့ကာကွယ်‌ရေးတပ်မတော်" ကိုလည်းကောင်း၊ မဟာမိတ်များကို လည်းကောင်း၊ ပြည်သူများကိုလည်းကောင်း  အသိပေးညှိုနှိုင်း အကြောင်းကြားထားမည်။

 (င) အဆိုပါ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များသည် အသစ်ပြန်လည် ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့် ရဲတပ်ဖွဲ့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင် ပူးပေါင်းနိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိမည်။

၅။ အထက်ပါ မူဝါဒများနှင့်အညီ လိုအပ်သောလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား ကြိုဆိုလက်ခံရေးနှင့် တပ်များ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်သော အထူးကော်မတီတစ်ရပ်ကို အမျိုး သားညီညွတ်ရေးအစိုးရက ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်။

ဒူဝါလရှီးလ

ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။