(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ယနေ့သည်အာဏာရှင်စနစ်ကိုအလိုမရှိသဖြင့် “ဒီမိုကရေစီရရှိရေးဒို့အရေး” ဟူသောကြွေးကြော်သံများဖြင့် ရဟန်း သံဃာများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ်သမားများ၊ လယ်သမားများနှင့် နိုင်ငံ အဝန်းမှာရှိသော တိုင်းရင်းသားလူမျိုးစုများအားလုံး ပါဝင်ခဲ့သော ၈ လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၈ လေးလုံးလူထုအရေးတော်ပုံကြီးသည် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်များ၏ ပစ်ခတ်သတ်ဖြတ်ညှင်းပမ်း နှိပ်စက်ဖမ်းဆီးထောင်ချမှုများကို အံတုကာ ဒီမိုကရေစီရေးအတွက် လူထုတရပ်လုံး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်း ဖြစ်စဉ်၏ ကြီးမြတ်သော သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ပေသည်။ ဤအရေးတော်ပုံကြီးသည် လူထုမျှော်မှန်းခဲ့သော အောင်မြင်မှုပန်းတိုင်အထိ ပြီးဆုံးအောင် မရောက်ခဲ့သော် လည်းမြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ခြေကုတ်မြဲစေနိုင်ခဲ့သော အရေးတော်ပုံကြီး လည်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုသည် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ် အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြရာ ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်  တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊၂၀၀၇ရွှေဝါရောင် တော်လှန်ရေးစသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးများ အဆင့်ဆင့်ဆင်နွှဲ၍အာဏာရှင်ကိုမည် သို့မှလက်မခံ နိုင်ကြောင်း ပြသခဲ့ကြပါသည်။ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရရှိနိုင်ရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိနိုင်ရေးအတွက်အာဏာရှင်များကို နည်းလမ်းမျိုးစုံဖြင့်ဆန့်ကျင်တော်လှန် ခဲ့ကြသော မြန်မာပြည်သူလူထုသည် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက်၃၃နှစ်အကြာ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌အမြစ်တွယ် နေသော စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းမည့်နွေဦးတော်လှန်ရေး ကိုဆင်နွှဲလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်၁၉၅၈မှစတင်ခဲ့သော စစ်အာဏာရှင်၊တစ်ပါတီအာဏာရှင်စသည့် အာဏာရှင်များသည် ခေတ်အဆက်ဆက် မြန်မာပြည်သူလူထုအား ဖိစီးနှိပ်စက်သည့်အပြင် တိုင်းပြည်ကိုလည်း ကမ္ဘာ့အလည်၌ ဆင်းရဲနုံချာ သော တိုင်းပြည်တစ်ခု ဖြစ်စေခဲ့ပါသည်။ ၂၀၁၅မှစတင်၍  အရပ်သားအစိုးရ ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားနေစဉ် ၂၀၂၁ ဖေဖေါ်ဝါရီလ ၌ စစ်အာဏာရူး တစ်စု၏အဆင်ခြင်မဲ့ရူးမိုက် အတ္တကြီးစွာ အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်တွင် မြန်မာ ပြည်သူပြည်သားများ အားလုံးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ၆ လတာကာလအတွင်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည်ဖော်ပြ၍ မရနိုင်လောက်အောင်ဆိုးဝါးလွန်းလှသည်ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး ကပင် သိရှိပြီးဖြစ်ပါသည်။ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် (၈)လေးလုံးလူထုအရေးတော်ပုံကြီးက ထုဆစ်ပေးလိုက်သော ဒီမိုကရေစီအပေါ်ယုံကြည်မှုနှင့် အာဏာရှင်စနစ်ကိုအလိုမရှိမှုတို့နှင့်အတူ ဆိုးရွားလွန်း သောရာဇဝတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ အကြိမ်ကြိမ်ကျူးလွန်ခဲ့စစ်အာဏာရှင်စနစ် ကိုမြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျောက် အကြီးကျယ် ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲနေကြသည်။၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့် စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန် ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန် ချီတက်နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှမိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံ အဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ အားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ၈ ဩဂုတ်လ ၂၀၂၁ ခုနှစ်

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)၆ ဩဂုတ် ၂၀၂၁ခုနှစ်၁။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ရက် (၁၀၀) နေ့ဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကအမျိုးသားညီညွတ်ရေးအစိုးရ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်း ပြည်သူသို အစီရင်ခံတင်ပြခဲ့ပြီး ဝန်ကြီးဌာနအသီးသီးကလည်း ရက်(၁၀၀) ပြည့်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ညီလာခံပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ(က) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊(ခ) တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊(ဂ) လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊(ဃ) Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၃/၂၀၂၁)ကိုထုတ်ပြန်၍ စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ်ကြေညာလိုက်သည်။၄။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော  ရေကြီးရေလျှံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက  မွန်ပြည်နယ်တွင် မြေပြိုခြင်းကြောင့် နေအိမ်ထိခိုက်သွားသော မိသားစု ၉ စုအား တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ကိုးသိန်း (၉၀၀,၀၀၀)ကို လည်းကောင်း၊  မြေပြိုခြင်းကြောင့် လူပိ ထိခိုက်ခဲ့သော မိသားစုအတွက် ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှုန်း ဖြင့် ဆန်အိတ် ၃၉၀ အိတ်အတွက် ကျသင့်ငွေ ကျပ် နှစ်ဆယ့်ခုနစ်သိန်း (၂,၇၀၀,၀၀၀)ကို လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ့်ငါးသိန်း နှစ်သောင်း (၂,၅၂၀,၀၀၀)ကို လည်းကောင်း ပေးပို့ထောက်ပံ့ခဲ့သည်။ ဤ လူသားချင်းစာနာမှု အကူအညီများအတွက် ပူးပေါင်း ကူညီပေးကြသော ပြည်သူများကို အထူး ကျေးဇူး တင် ဂုဏ်ပြု အပ်ပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနသည် အခက်အခဲများကြားမှ ဘေးဖြစ်ပွားရာ နေရာများသို့ ကူညီထောက်ပံ့မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။၅။ ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့်ခံစားနေရသော စိတ်ဖိစီးမှုသောကများ ပြေပျောက်လျော့ပါးစေရန် အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ Mind Healers -စိတ်ခွန်အားပေးသူများ စာမျက်နှာ (https://www.facebook.com/MindHealersMM/) က စိတ်လူမှုအထောက်အကူပြု နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်၃ ဩဂုတ် ၂၀၂၁------------------------------------------------------------------ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..ယာယီသမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀) အတွင်း စစ်ကောင်စီကို အပြီးသတ်တိုက်ထုတ်ရှင်းလင်းနိုင်ခြင်းမရှိသေးပေးပေမယ့် စစ်ကောင်စီရဲ့ခြေကုတ် အနိုင်ကျင့်မှုတွေကို ဖြိုဖျက်နိုင်မယ့် အခြေခံလုပ်ငန်းတွေကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီညွတ်သောအစိုးရကိုဖွဲ့စည်းပြီး ကြားကာလအစိုးရ ယန္တယားကို ပြည်သူလူထုအတွင်း အမြစ်တွယ်နေစေရန်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်ခြင်း၊တစ်ဘက်မှာလဲ စစ်ကောင်စီကိုဖြုတ်ချနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေနဲ့  စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှုတည်ဆောက်နေခြင်းတွေကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ကနီ၊ မင်းကင်းနဲ့ယင်းမာပင် မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး  ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို အရပ်သားပြည်သူသေဆုံးမှု မနေ့ကအထိ (၂၃)ဦးအထိရှိပြီဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတဲ့အတွက်အလွန်စိတ်ထိခိုက်ရကြောင်း၊တော်လှန်ရေးက တရက် ကြန့်ကြာလေလေ ပြည်သူများ အသက်တွေဆုံးရှူံးနေရလေလေ ဖြစ်တာ ကြောင့် NUG အစိုးရရဲ့ တော်လှန်ရေးမဟာဗျူဟာများ ၊စစ်ရေးမဟာဗျူဟာများကို အမြန်အသက်ဝင်အောင် လုပ်ဆောင်ကြရတော့မည့် အချိန်ရောက်နေပြီလို့ ပြောလိုကြောင်း၊ ပြည်သူတွေက D day ကိုမျှော်လင့်နေ ကြကြောင်း၊ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပြောရရင် D day ဆိုတာ ရက် တစ်ရက် သီးသန့် သတ်မှတ်တယ်ဆိုတာထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်ကြောင်း ၊ ဒါကြောင့် မြို့နယ်တစ်ခုချင်းစီမှာ မြေပြင်အခြေအနေအလိုက် လိုအပ်လာမယ့် သက်ဆိုင်ရာကဏ္ဍတွေကို ဝန်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပြီး အစီအမံများဆောင်ရွက်ထားဖို့ဝန်ကြီးတွေကို တိုက်တွန်းလိုကြောင်း၊ လာမည့် သြဂုတ်လ (၈) ရက်နေ့ဆိုရင် ဒီမိုကရေစီအရေးအတွက် ပြည်သူတွေတိုက်ပွဲဝင်ခဲ့ကြတဲ့ ၈ လေးလုံးအရေးတော်ပုံကြီးရဲ့ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ၁၉၈၈ ကာလ ၈လေးလုံး အရေးတော်ပုံကစလို့ ၂၀၂၁ကာလ (၂) ငါးလုံးအရေးတော်ပုံအထိ ပြည်သူလူထုဟာ စစ်အာဏာရှင်ကိုမလိုလားပဲ ဒီမိုကရေစီစနစ်ကိုသာ လိုလားတယ်ဆိုတဲ့စိတ်ကို တစ်စိုက်မတ်မတ်ပြသလာကြတာ အခုတကြိမ်မှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် အပြီးသတ် ချေမှုန်းသွားကြဖို့တိုက်တွန်းကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြရာ နိုင်ငံခြားရေးဝန်ကြီးဌာနက NUCC အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက Covid 19 အတွက် လက်ရှိဆောင်ရွက်ချက်တွေ၊ အလုပ်သမားဝန်ကြီးဌာနက ကြားကာလလူမှုဖူလုံရေး ဆေးကုသရေးနဲ့ ထောက်ပံ့မှုများစီစဉ်နိုငရေးကိစ္စတွေ၊  အမျိုးသမီး လူငယ်နှင့် ကလေး သူငယ်ဝန်ကြီးဌာနက အင်းစိန်ထောင်တွင်း ဆန္ဒပြမှု နောက်ဆက်တွဲအခြေအနေတွေ၊ တရားရေးဝန်ကြီးဌာနက ဝန်ကြီးဌာနရဲ့ မူဝါဒတင်ပြမှုတွေ  ဆောင်ရွက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)၃၀ ဇူလိုင် ၂၀၂၁ခုနှစ်၁ ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၂/၂၀၂၁) ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်အတွက် လူ့အခွင့်အရေးနှင့်အညီ ဆေးကုသခွင့်ရရှိရေး၊ အကြမ်းဖက် ဖိနှိပ်မှုများ ချက်ချင်းရပ်တန့်ရေး နှင့် ဖိနှိပ်မှုများအပေါ် သက်ဆိုင်သူများ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများ မြင့်တက်လျက်ရှိပြီး အခြေအနေ ဆိုးရွားနေသည့်အပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိရောက်သည့် ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်မှု မရှိသည့်အပြင် အကျဉ်းထောင်တွင်း အမျိုးမျိုး သော ဖိနှိပ်ချုပ်ချယ်မှုများကိုသာ ဆောင်ရွက်လျက်ရှိနေသောကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း၊ အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စီမံ ဆောင်ရွက်ပေးမှု မရှိခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ အင်အားသုံး နှိမ်နင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းဖြစ်စဉ်အပေါ် သတင်းမီဒီယာ များနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကို လေ့လာခွင့်မပြုဘဲ သတင်းထိမ်ချန် ကွယ်ဝှက်ထားခြင်း များသည် အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့်အပြင် ရာဇဝတ်မှုမြောက် သည့် လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ရပ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းထောင်တာဝန် ရှိသူများတွင် အပြည့်အဝ တာဝန်ရှိပြီး၊ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်တာဝန်ရှိ သူများအနေဖြင့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများ၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော လုံလောက်သည့်ဆေးကုသခွင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင် နိုင်ခွင့်နှင့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်များကို အမြန်ဆုံးထိရောက်စွာ ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သက်သေအထောက်အထား များ ရရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ https://mohai.nugmyanmar.org (ဆက်သွယ်ရန် ကဏ္ဍ) သို့ ဆက်သွယ်ပေးပို့ကြပါရန်နှင့် ယခု ကဲ့သို့ အကျဉ်းသား/သူများ၊ အချုပ်သား/သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားပေး နိုင်ရေးနှင့် ကျူးလွန်သူ များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ပါဝင်သည်။ ၂။ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြု ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတိုးအောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တို့သည် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါသည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID-19 Task Force – CTF) ကို (၁၇-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၃/၂၀၂၁) ကို (၂၅-၇-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် CTF တို့မှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (EHO) အားလုံး၏ ကိုယ်စားလှယ်များနှင့် (၁) ပတ်လျှင် (၃) ကြိမ် ပုံမှန်ဆွေးနွေးညှိနှိုင်း၍လည်းကောင်း General Strike Committee နှင့် တစ်ပတ် (၁) ကြိမ် တွေ့ဆုံ၍လည်းကောင်း လက်တွဲဆောင်ရွက်နေပါသည်။ ပြည်နယ်တိုင်းကိုယ်စားလှယ်များနှင့် ပုံမှန်တွေ့ဆုံ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် EHO အဖွဲ့များသည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးကိစ္စများ အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေး ဝန်ထမ်းများစာရင်းနှင့် အထိုးနှံခံမည့် ပြည်သူများစာရင်းကိုလည်း ကောက်ယူလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ COVID-19 ရောဂါဖြင့် သေဆုံးသူများစာရင်း ကောက်ယူရေး ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူများ၏ စုပေါင်းအလှူငွေကျပ် (၂၃၆၂.၂) သိန်း လက်ခံရရှိခဲ့ပြီး Oxygen concentrator များ၊ PPE, Mask အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ COVID-19 Test Kit များ၊ COVID-19 သံသယဖြင့် သေဆုံးသူများကို ထုပ်ပိုးနိုင်သည့် Body Bag များ အစရှိသည်တို့ကို တိုင်းရင်းသား ဒေသများနှင့် လိုအပ်သည့် မြို့ရွာများသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။ COVID-19 ရောဂါနှင့် မိခင်နို့ချိုတိုက်ကျွေး ခြင်းအကြောင်း သိကောင်း စရာများ၊ COVID-19 ကို ကြံ့ကြံ့ခံဖို့ အာဟာရပြည့်အောင် စားကြစို့ အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်ခဲ့ပါသည်။ (၁၆-၇-၂၀၂၁) ရက်နေ့မှ (၂၈-၇-၂၀၂၁) ရက်နေ့အထိ NUG ကျန်းမာရေး ဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ (https://facebook.com/telehealthmm) အခမဲ့ COVID-19 Telegram Channel  ဆေးခန်းများတွင် ကုသမှု ခံယူသူ COVID-19 သံသယလူနာ (၃၀,၀၀၀) ကျော်ရှိ ခဲ့ပါသည်။ CDM ဝန်ထမ်းများနှင့် တော်လှန်ရေး အင်အားစုများအတွက် သီးသန့်  COVID-19 Telegram Channel ကိုလည်း (၂၄-၇-၂၀၂၁) ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နံနက် (၈) နာရီကနေ ညနေ (၄) နာရီအထိ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ NUG MOH အခမဲ့ တယ်လီကျန်းမာဆေးခန်းများအပြင် CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ဆောင် နေသည့် အခမဲ့ တယ်လီကျန်းမာအစီအစဉ်နှင့် ဝန်ဆောင်မှုပေါင်း (၄၆) ခုကျော်လည်း ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် တိုင်းပြည်နယ်အသီးသီးရှိ ပရဟိတအသင်းများ၊ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ NUG ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (https://facebook.com/MoHNUGMyanmar) မှ COVID-19 ကျန်းမာရေးပညာပေးအချက်အလက်များသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူလူထု (၅) သန်းကျော်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် (၄) ရက်နေ့ မှ (၂၈) ရက်နေ့ထိ NUG MOH ၏ COVID-19 Knowledge Centre (ကိုဗစ်-၁၉ ဗဟုသုတစင်တာ) Facebook Page (https://facebook.com/ckcmohnugmm) မှ COVID-19 ဗဟုသုတဆိုင်ရာ အကြောင်းအရာ များ ပြည်သူလူထု (၂) သန်းကျော်ထံ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပညာပေးအစီအစဉ် များကို ကျန်းမာရေးဝန်ကြီးဌာန၏ Website (https://moh.nugmyanmar.org) နှင့် လူမှုကွန်ရက်များမှတစ်ဆင့် နေ့စဉ်ဖြန့်ဝေ ပေးလျက်ရှိပါသည်။ အထူးသဖြင့် “ပြည်သူမှ ပြည်သူသို့” အစီအစဉ်ဖြင့် အင်တာဗျူးအစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 ဆိုင်ရာ လွဲမှားသော အယူအဆများ” အင်တာဗျူး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 အကြောင်း သိကောင်းစရာ များ” အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ COVID-19  Webinar Series များကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ Webinar အကြိမ်ရေ (၁၀) ကြိမ်အထိ ရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ “လွတ်လပ်စွာ အသက်ရှုခွင့် - Right to Breathe" Campaign နှင့် "ပြည်သူ့အသက်ကယ် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း ရပ်တန့်ရေး" Campaign ကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခု COVID-19 တတိယလှိုင်းတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှု အရေအတွက်သည် အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည့် အရေ အတွက်ထက် (၃) ဆ သို့မဟုတ် (၄) ဆ ခန့် ပိုမိုများပြားနိုင်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါသည်။

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်      အမျိုးသားညီညွတ်ရေးအစိုးရ        www.nugmyanmar.orgအပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)၂၃ ဇူလိုင် ၂၀၂၁ခုနှစ်၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ထုတ်ပြန် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် ဝန်ထမ်း (၂၁) ဦး၊ ကြေညာချက်အမှတ် (၁၁/၂၀၂၁) ဖြင့်ဝန်ထမ်း(၈) ဦး၊ (၁၂/၂၀၂၁) နှင့် ဝန်ထမ်း (၂၅) ဦးတိုကို ဆက်လက်၍ အမည်ပျက်စာရင်းကြေညာခဲ့သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁) ဖြင့် ဌာနခွဲအသီးသီးရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြန်သိမ်းခြင်း/ နှင်ထုတ်ခြင်း၊ ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများ ပြန်လည် တောင်းခံခြင်း တို့ကိုကျူးလွန်နေသည့် တရားမဝင်အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ အောက်ပါ ဝန်ထမ်းအကြီးအကဲ(၁၅) ဦးကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ် ကြေညာလိုက်ပြီး အလုပ်မှ ထုတ်ပစ်လိုက်သည်။ ၃။ ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာ တစ်ရပ်ကို အမျိုးသားအဆင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မရှင်က ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြော်ငြာစာတွင် မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိကြောင်း၊ လက်ရှိ ပြည်သူ့ဆေးရုံများသည် ဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော လူနာများအားလုံးကို ကုသပေး ရန် အတွက် လုံလောက်သော အရင်းအမြစ် အင်အားမရှိကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံးရရှိစေရန်အတွက် ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတ ဆေးရုံ များတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သော ပြည်သူလူထုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့်အညီ ကုသပြုစု စောင့်ရှောက်မှုပေးရန် တိုက်တွန်းကြောင်းတို့ပါဝင်သည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ဆောင်မှုများအား ပြည်သူသို့ အစီရင်ခံတင်ပြစာ ၁ကို ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားဒေသအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်း၊ ပြည်သူလူထုအားကာကွယ်ဆေးထိုး နှံနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုထားသော နည်းလမ်း(၃) သွယ်အကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ကိုင်ဆောင်ရွက်နေသော ပညာပေးအစီအစဉ်များအကြောင်းတို့ပါဝင်ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ တရားဝင် အင်တာနက် စာမျက်နှာများကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်  ထုတ်လွှင့်ခဲ့သည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနhttps://mocit.nugmyanmar.org/လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊https://moee.nugmyanmar.org/၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့စွဲဖြင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊  အမျိုးသားအစိုးရများ၊ စေတနာ သဒ္ဓါတရားထက်သန်သော လူပုဂ္ဂိုလ်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်၂ ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် လက်ရှိမြန်မာနိုင်ငံတွင် လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင် နေရသလို၊ အနည်းဆုံး လူပေါင်း ၆.၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရပါသည်။ တရားမဝင် စစ်ကောင်စီ၏ ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုကြောင့် ကိုဗစ် ၁၉ တတိယလှိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုသည် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး သေဆုံးမှုများမှာ တိုးပွားလျက် ရှိကြောင်း၊ ဆေးရုံများတွင် လူနာများအတွက် အိပ်ယာများမလုံလောက်ခြင်းနှင့် ကိုဗစ်ရောဂါ ကူးစက်သူများကို ကုသရန် ငြင်းဆန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်း ဖြည်း ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီမှ အောက်ဆီဂျင်ထုတ်လုပ်မှုများနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားကြေင်း၊ စစ်ကောင်စီသည် ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထား နှိမ်နှင်းနေပြီး ကိုဗစ် ၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေပါသည်။ ယခုအခါ မြန်မာပြည်တွင် ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များအတွက် အန္တရယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေကြောင်း၊ နိုင်ငံတကာမှ ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိလျှင် မြန်မာနိုင်ငံသည် မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ် ၁၉ ပြန့်ပွားစေသည့် အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာ့ပြဿနာသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွားလာစေမည့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေသည့်အတွက် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းအရေးတစ်ခုတည်း မဟုတ်တော့ပါဟု ပြောလိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းမွန်စနစ်ကျသော ဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုကြောင်းတို့ပါဝင်သည်။ ၇။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် အာဇာနည် ခေါင်းဆောင်ကြီး များသည် တောင်တန်း နှင့် မြေပြန့်မကွဲခြားဘဲ တန်းတူညီမျှရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ် ကြိုးပမ်းထူထောင်နေစဉ် လမ်းခုလတ်၌ ကျဆုံးခဲ့ကြရ ကြောင်း၊ နိုင်ငံတော်လုပ်ကြံမှုကြီး ကြောင့် လွတ်လပ်စမြန်မာနိုင်ငံ၏ ကံကြမ္မာမှာ တဆစ်ချိုးပြောင်းလဲသွားခဲ့ရသလို အကြမ်းဖက်လုပ်ကြံမှုကို ဦးဆောင်ခဲ့သော ဂဠုန်ဦးစောမှာလည်း ကြိုးစင်ထက်တွင် ဘဝဆုံးခဲ့ရပြီး လူသိများသော နိုင်ငံရေးသမား တစ်ဦးအဖြစ်မှ ပြည်သူလူထုတစ်ရပ်လုံး ရွံရှာစက်ဆုပ်သည့် လူယုတ်မာတစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် ကျန်ရစ်ခဲ့ကြောင်း၊ ယနေ့ နွေဦးတော်လှန်ရေးတွင် ရှေးကအာဇာနည်ကြီးများ၏စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ်ပေါက်လာခဲ့ရပြန်သည့်အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ ကိုလည်း မြင်တွေ့နေရလျက် ရှိကြောင်း၊ ဤကဲ့သို့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခဲ့ပြီး ဆောင်ရွက်တတ်သော အာဇာနည်စိတ်ဓါတ်သည် မိမိတို့ ဦးတည်ချီတက်နေတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အင်အားများပင် ဖြစ်ကြောင်း၊ ယနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွတ် အနစ်အနာခံခဲ့ကြသော အာဇာနည်တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား အလေးပြုဦးညွတ်လိုက်ကြောင်းတို့ပါဝင်သည်။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ “အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ” ၃ တစ်စောင်ကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပန်ကြားလွှာတွင် အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့ကြောင်း၊ မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိကြောင်းနှင့် ပြည်သူသို့ အကြံပြုချက်များပါဝင်သည်။ ၉။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်က COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများ လိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသော ကြေညာချက်တစ်စောင်၄ကို ထုတ်ပြန်ခဲ့သည်။ အသေးစိတ်သိရှိလိုပါက လေ့လာရန်လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/150790923808214၂။ https://www.facebook.com/NUGmyanmar/posts/151229683764338၃။ https://www.facebook.com/NUGmyanmar/posts/152013200352653၄။ https://www.facebook.com/NUGmyanmar/posts/152531923634114

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ”၁၉ ဇူလိုင် ၂၀၂၁ယခုအချိန်တွင် မြန်မာပြည်သူပြည်သားအားလုံး COVID-19 တတိယလှိုင်း၏ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူး အလဲ ခံစားနေရသည့်အတွက် ပြည်သူများနှင့်အတူ ပြည်သူအစိုးရသည် ထပ်တူထပ်မျှ စိတ်မကောင်း ကြီးစွာ ခံစားရပါသည်။ မတရား အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့သည်။ယခုအချိန်တွင် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့်  ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိနေပါသည်။ ထိုမတရားမှုလုပ်ရပ်များကြောင့် ပြည်သူလူထုတစ်ရပ်လုံးသည် နေ့စဉ်နှင့် အမျှ စိတ်မချမ်းမြေ့ ဖြစ်နေရပါသည်။အမျိုးသားညီညွတ်ရေး ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများအား အကြံပြုလိုသည်မှာ • COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံ၊ ခန့်ခွဲမှုအောက်၌ ကာကွယ်မှု၊ ထိန်းချုပ်မှု၊ ကုသမှုများကို ခံယူခဲ့၍ မည်သို့မည်ပုံ အဆင့်အလိုက် လုပ်ဆောင်ရမည် ကို သိရှိ နားလည်ပြီးသားဖြစ်သည်ဟု မှတ်ယူပါသည်။ • ယခုအခါတွင် ပြည်သူလူထုအားလုံး တတ်နိုင်သမျှ မိမိ၏ ပူပန်၊ စိုးရိမ်၊ ကြောင့်ကြမှုများကို တည်ငြိမ်အောင် ထိန်းချုပ်၍ မိမိတို့ ယခင် အောင်အောင်မြင်မြင် ကျော်လွှားခဲ့သော COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဖော်ဆောင်ခဲ့သည့် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ ဒေသအလိုက် လုပ်ဆောင်ခဲ့ကြသည့် ကာကွယ်မှုများ၊ ပံ့ပိုး ကူညီ လုပ်ဆောင်မှုများ၊ စုပေါင်းညီညွတ်စွာ ဆောင်ရွက်ချက်များ အားလုံးကို ပြန်လည်သုံးသပ် ဆင်ခြင်၍လုပ်ဆောင်စေလိုပါသည်။ • ကာကွယ်ရာတွင် အဓိက အရေးအကြီးဆုံးမှာ နှာခေါင်းစည်း၊ ပါးစပ်စည်း ဝတ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေ အကွာ၊ ခပ်ခွာခွာနေခြင်း စသည့် မိမိကိုယ်ကို ကာကွယ်မှုများကို ပြုလုပ်ခြင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိသားစုသော်လည်းကောင်း မလိုအပ်ဘဲ လူစုလူဝေးများ ပြုလုပ်ခြင်း၊ အိမ်အပြင် ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြစေလိုပါသည်။• ထိုသို့ “Stay Home” အိမ်အပြင်သို့မထွက်ခြင်း ကို လုပ်ဆောင်ရာတွင် မိမိတို့ စားဝတ်နေရေး အတွက် အဓိကကျသောကိစ္စများ သို့မဟုတ် အရေးပေါ် မဖြစ်မနေလိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်သာ အိမ်အပြင်သို့ ထွက်ပါ။ • ထိုသို့ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါက ယခုတွေ့ကြုံနေရသည့် စိုးရိမ်ဖွယ် ဖြစ်ပွား သေဆုံးမှု လူနာအရေအတွက်လည်း ကျဆင်းသွားမည် ဖြစ်ပါသည်။ ဤနည်းဖြင့် COVID-19 တတိယလှိုင်းကို ပြည်သူလူထု အနေဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤ COVID-19 ရောဂါကပ်ဆိုးကြီးကို အားလုံးအတူတူလက်တွဲ၍ “ပြည်သူမှ ပြည်သူသို့” အချင်းချင်း ကူညီ၊ ရိုင်းပင်း၊ စောင့်ရှောက်ခြင်းဖြင့် COVID-19  ရောဂါကပ်ဆိုး ကြီးကို အောင်မြင်စွာ ကျော်လွှားနိုင်အောင် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြည်သူထူထုတစ်ရပ်လုံးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၈/၂၀၂၁)

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၈/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအပတ်စဉ်သတင်းထုတ်ပြန်ချက် (၈/၂၀၂၁)၁၆ ဇူလိုင် ၂၀၂၁ခုနှစ်၁။ အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦနှင့် မြေကွက် (၂၃)ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေခြင်းသည် တရားဝင်မှု မရှိသောကြောင့် ဝယ်ယူခြင်း မပြုကြရန်နှင့် ဝယ်ယူထားသည့် မြေနှင့်အဆောက်အဦ နှင့်မြေကွက် များအား နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်သည့် ကြေညာချက် (၅/၂၀၂၁)၁ ကို ၂၀၂၁ ခုနှစ် ဇူလိုင်က ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာတဲ့ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၁)၂ ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရက အမည်စာရင်းတင်သွင်းခဲ့သည့် ဦးတိုးအောင်အား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် အတည်ပြု ခန့်အပ် တာဝန်ပေးအပ်လိုက်သည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ၁၉ ဗဟုသုတစင်တာ (https://facebook.com/ckcmohnugmm) လူမှုကွန်ယက်စာမျက်နှာကို ဇူလိုင်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။  ကိုဗစ် ၁၉နှင့် ပတ်သက်သော မှန်ကန် ၊အကျိုးရှိမည့် ကျန်းမာရေး ဆိုင်ရာအချက်အလက် အကြောင်းအရာများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပြီး ကိုဗစ် ၁၉ရောဂါဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ဖော်ပြပေးလျက်ရှိပါသည်။ အထူးသဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် နံနက် (၉) နာရီမှ ည (၇) နာရီအတွင်း ကိုဗစ်ဗဟုသုတဆိုင်ရာ မေးခွန်းများကို ပြည်သူများထံမှ စုစည်းရယူပြီး ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် အဆိုပါမေးခွန်းများကို ပြန်လည် စုစည်းဖြေကြား ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် တယ်လီကျန်းမာအွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) ကိုလည်း (၁၉-၆-၂၀၂၁) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများကို အွန်လိုင်းမှတစ်ဆင့် ကုသပေးလျက်ရှိပါသည်။ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ဆေးခန်းဖွင့်လှစ်ထားပြီး အထွေထွေရောဂါဆရာဝန်များအပါအဝင် အထူးကုဆရာဝန်ကြီးများက အထူးကုရောဂါ အမျိုးအစား (၁၂) မျိုးထိ ကုသပေးလျက်ရှိပါသည်။ ထို့အပြင်      (၁၆-၇-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးသန့်အကြံပေးကုသပေးမည့် Telegram Channel (၅) ခုဖြင့် ပြည်သူလူထု၏ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ” ဆောင်ပုဒ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ဖြန့်ဝေရေး လူထုလှုပ်ရှားမှု ရက်သတ္တပတ်ကို  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့၌ ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်များပြားစွာ ကူးစက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမို သိရှိ၊ လိုက်နာ၊ ဖြန့်ဝေကြစေရန်နှင့် အထူးသဖြင့် Surgical Mask များ ဝယ်ရခက်ခဲပြီး ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မိမိအိမ်တွင် ချုပ်လုပ်ကြသည့် အဝတ်နှာခေါင်းစည်း (Homemade Fabric / Cloth Mask) များကို ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ပညာပေးပိုစတာများ၊ ရုပ်သံဗီဒီယိုများကို အင်တာနက်လိပ်စာ https://tinyurl.com/c19mohnug တွင် တစ်စုတစ်စည်းတည်း ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် EHO အဖွဲ့များ၊ အခြားနိုင်ငံရေးနှင့် လူမှုအင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေသော ပြည်သူများ အရေးပေါ် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စလင်ဒါများ ပြန်လည်ဖြည့်ခြင်းအား ပိတ်ပင်ခြင်းကို ရှုံ့ချသည့်အနေဖြင့် လူတိုင်း လွတ်လပ်စွာ အသက်ရှုခွင့်နှင့် အသက်ရှင်ခွင့်ရရှိစေရန်အတွက် "လွတ်လပ်စွာ အသက်ရှုခွင့်ပေးပါ Campaign" ကိုလည်း ယခုရက်ပိုင်းအတွင်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ဆေးပညာမျှဝေမှုအစီအစဉ် (COVID-19 Webinar Series) ကိုလည်း တစ်ပတ်လျှင် (၃) ရက် ပြုလုပ်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (https://facebook.com/MoHNUGMyanmar) တွင် Live ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်ရမည့် ကိစ္စမှအပ မိမိတို့နေအိမ်ထဲတွင်သာ (၂) ပတ် နေထိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်စေရန်လည်း နှိုးဆော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မိမိတို့ဝန်ကြီးဌာနအတွင်းရှိ CDM တွင်ပါဝင် ဆန္ဒပြနေသည့် ဝန်ထမ်းများကို အမျိုးမျိုးဖိအားပေး ခြိမ်းခြောက်နေသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ ဩဇာခံများနှင့် ယင်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ (Non- CDM များ) အား ၎င်းတို့၏ လုပ်ရပ်/ပြစ်မှု အပေါ်မူတည်ကာ အမျိုးသားညီညွတ်ရေးအစိုးရက ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ကာ ထိရောက်စွာအရေးယူသည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(၇) အရ ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၁)၃ ကို ထုတ်ပြန်၍ ဝန်ထမ်း (၁၁) ဦး၊ (၄/၂၀၂၁)၄ ကိုထုတ်ပြန်၍ ဝန်ထမ်း (၃၂) ဦးတို့ကို အမည်ပျက်စာရင်း(Blacklist) သွင်းခဲ့ကြောင်း ကြေညာခဲ့သည်။  ၁၂-၇-၂၀၂၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” ဆောင်ရွက်မှုအစီရင်ခံစာ၅ တင်သွင်းခဲ့သည်။  အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာချက်အမှတ် (၆/၂၀၂၁)၆ ဖြင့် ဝန်ထမ်း (၉) ဦး၊ ကြေညာချက်အမှတ် (၇/၂၀၂၁)၇ ဖြင့် ဝန်ထမ်း (၁၀) ဦး၊ ကြေညာချက်အမှတ် (၈/၂၀၂၁)၈ ဖြင့် ဝန်ထမ်း (၉) ဦးတို့ကို အမည်ပျက်စာရင်း(Blacklist) သွင်းခဲ့ကြောင်း ထပ်မံကြေညာခဲ့သည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်မှုလုပ်ငန်းစဉ် (Universal Periodic Review - UPR) နှင့် ပတ်သက်ပြီး အကြံပြုချက်များ ရယူနိုင်ရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။၇။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး        ကော်မရှင်က အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည့်ကိစ္စနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာသတိပေးသည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)၉ ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က "ကိုဗစ်တတိယလှိုင်းတုန့်ပြန် လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်" တစ်စောင်၁၀ ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ကျန်းမာရေးဆိုင်ရာအခွင့်အလမ်းများ ရရှိခံစားခွင့် အချက် (၅) ချက်ဖြစ်သည့် ၁။ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို မည်သူ့အပေါ်မှ ခွဲခြားခြင်းမရှိဘဲ ရယူခံစားခွင့် (Non-Discrimination) ၂။ ကျန်းမာရေးဆိုင်ရာ ကာကွယ်တားဆီးရေးနှင့် ပတ်သတ်၍ လိုအပ်သော အရာများကို လူတိုင်း ရရှိပိုင်ခွင့်(Availability) ၃။ ကျန်းမာရေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူပိုင်ခွင့်(Accessibility) ၄။ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များလုပ်ဆောင်ရာတွင် လူထုကို အခြေပြုပြီး ပြည်သူအများလက်ခံနိုင်မှု (Acceptability) ၅။ ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးပြည့်ဝမှု (Quality) စတဲ့ ရရှိခံစားခွင့်များကိုပင် မရရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း၊ ထိုသို့ပြုလုပ်နေခြင်းဟာ အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတစ်ရပ်လုံးအပေါ်သက်ရောက်စေသည့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ကို နောက်ထပ်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကူညီ လုပ်ဆောင်နေသော အဖွဲ့များအပေါ် နှောက်ယှက်ဟန့်တားနေမှုတွေကု ချက်ချင်းရပ်တန့်ပြီး ပြည်သူတွေဆီ ကျန်းမာရေးအကူအညီတွေ ရောက်ရှိစေရန် ဆောင်ရွက်ပေးရန် သတိပေးကြောင်းတို့ ပါဝင်ပါသည်။ ၉။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနခွဲအသီးသီးက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်း၊ ပြန်ဆပ်ရန် မလိုသည့် ၂ လစာချေးငွေများကို ပြန်လည်ပေးဆပ်ခိုင်းခြင်း စတဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဝန်ထမ်းအကြီးအမှူး ၉ ဦးကို အမိန့်ကြေငြာစာအမှတ် (၆/၂၀၂၁)၁၁ ကိုထုတ်ပြန်၍  နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း ဇူလိုင်လ ၁၄ ရက် ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၄/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၄/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၄/၂၀၂၁) ကို ကျင်းပပြုလုပ်၁၃ ဇူလိုင် ၂၀၂၁--------------------------------------------အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၄/၂၀၂၁) ကို ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..ယာယီသမ္မတကြီးက အစိုးရအဖွဲ့အစည်းဝေးတွေမှာ  ဝန်ကြီးဌာနတွေက အရေးကြီးသောအကြောင်း အရာတွေကို တင်ပြလာကြကြောင်း၊ ထိုအကြောင်းအရာများကို ဝန်ကြီး ဒုဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်က ယခုတပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ပြန့်ပွားမှုကို မထိန်းသိမ်းနိုင်သော အခြေအနေတွေ ကြားသိရနေရတဲ့အတွက် အလွန်စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊  ဒီရောဂါနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီ စီမံခန့်ခွဲနေတဲ့ ပုံစံဟာ  ပြည်သူတွေ အပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှုကျူးလွန်နေရာရောက်ကြောင်း၊ အခုလို ကိုဗစ် outbreak ဖြစ်နေတဲ့အချိန်မှာ ဆေးပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး၊ ပုဂ္ဂ္ဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကို စစ်တပ်အမိန့်နဲ့လိုက်ပိတ်တာတွေအပြင် ရောဂါဖြစ်ပွားနေတဲ့  ပြည်သူတွေအတွက် ကျန်းမာရေးအဆောက်အအုံတွေ စနစ်တကျ စီမံထားခြင်း များမရှိကြောင်း ၊ နေ့စဉ် နေ့တိုင်း ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးနေရတာ တွေအတွက် အလွန် စိတ်မချမ်းမသာဖြစ်ရကြောင်း၊ဖေဖေါ်ဝါရီလကစပြီး  ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီ နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံ ရောက်ရသလို အခု ကပ်ရောဂါဘေးကိုပါ အကာအကွယ်မဲ့ခံစားနေရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ပထမလှိုင်း ၊ဒုတိယလှိုင်းတွေကို ဖြတ်ကျော်ခဲ့စဉ်က ခေါင်းဆောင်ကောင်းရဲ့လမ်းညွှန်မှု ၊အစိုးရဝန်ကြီးဌာနများ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အဓိကအားဖြင့် ပြည်သူတစ်ရပ်လုံးရဲ့ အရပ်သားအစိုးရအပေါ် ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရောဂါအန္တရယ်ကိုကျော်လွှားနိုင်ခဲ့ကြသလို စီးပွားရေးရပ်နားထားရမှုများကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း စုပေါင်းအင်အားနဲ့ ကျော်လွှားနိုင်ခဲ့ကြကြောင်းအကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေကို COVID 19 ကပ်ရောဂါဆိုးကနေ ကာကွယ်ပေးဖို့မရှိ တဲ့အပြင် ပိတ်ပင်တားဆီးမှုတွေကိုပါ လုပ်ကိုင်ဆောင်ရွက်နေတာကို ကြည့်ရင်  သူတို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူတွေကို တတ်နိုင်သမျှ အစွမ်းကုန်အကူအညီပေးနိုင်မယ့် အစီအစဉ်တွေကို အမြန်ချမှတ်ဖို့လိုကြောင်း၊  ဝန်ကြီးဌာနတွေက လိုအပ်တဲ့ ကော်မရှင်တွေဖွဲ့စည်းပြီး ဆောင်ရွက်နေကြကြောင်း၊ ပိုမိုမြန်ဆန်ထိရောက်မယ့် နည်းလမ်းများရှိဖွေလုပ်ဆောင်ကြဖို့တိုက်တွန်းလိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့လဲ ပြည်သူတွေကို ကိုဗစ်နဲ့ပါတ်သတ်ပြီးအသိပညာပေးများကို ကျန်းမာရေးဝန်ကြီးဌာန website မှ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေတာကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ပြည်သူတွေအနေနဲ့လဲ အသိ သတိဖြင့် ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်ဖို့အားတင်းထားကြမယ်လို့ယုံကြည်ကြောင်း၊အခုဆိုရင် ထောင်တွေထဲမှာလည်း ကိုဗစ်ရောဂါပြန့်ပွားနေပြီလို့ ကြားသိရတဲ့အတွက် မတရား အဖမ်းဆီးခံထားရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေအတွက်လည်း အလွန်စိုးရိမ်ပူပန်မိကြောင်း၊ ဒီကိစ္စအတွက်လည်း ICRC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ဘယ်လိုအကာအကွယ် ပေးနိုင်မလဲဆိုတာ စဉ်းစားဖို့လိုအပ်ကြောင်း၊အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ရင်း၊ တစ်ဘက်မှလည်း တော်လှန်ရေးကို မျက်ခြေမပြတ်လှုပ်ရှားဆောင်ရွက်နေဖို့လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲအားလုံးရဲ့တရားခံဟာ အကြမ်းဖက်စစ်အုပ်စုသာဖြစ်ကြောင်း၊ သူတို့ကို အမြစ်ပြတ်ချေမှုန်း နိုင်မှသာ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခအပေါင်းချုပ်ငြိမ်းမယ်ဆိုတာကို အမြဲနှလုံးသွင်းဖို့လိုကြောင်း ပြောကြားခဲ့ ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေက သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနြ့ ပတ်သက်တဲ့ကိစ္စ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက NUCC ဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းနိုင်ရေး လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးကြပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနက COVID 19 အတွက် လက်ရှိလုပ်ဆောင်နေသောကိစ္စတွေကို အသီးသီးဆွေးနွေးတင်ပြကြခဲ့ကြကာ အစည်းအဝေးကို နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် ရုပ်သိမ်းလိုက်ပါတယ်။