အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၄/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၄/၂၀၂၁) ကို ကျင်းပပြုလုပ်

၁၃ ဇူလိုင် ၂၀၂၁

--------------------------------------------

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၄/၂၀၂၁) ကို ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..

ယာယီသမ္မတကြီးက အစိုးရအဖွဲ့အစည်းဝေးတွေမှာ  ဝန်ကြီးဌာနတွေက အရေးကြီးသောအကြောင်း အရာတွေကို တင်ပြလာကြကြောင်း၊ ထိုအကြောင်းအရာများကို ဝန်ကြီး ဒုဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်က ယခုတပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ပြန့်ပွားမှုကို မထိန်းသိမ်းနိုင်သော အခြေအနေတွေ ကြားသိရနေရတဲ့အတွက် အလွန်စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊  ဒီရောဂါနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီ စီမံခန့်ခွဲနေတဲ့ ပုံစံဟာ  ပြည်သူတွေ အပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှုကျူးလွန်နေရာရောက်ကြောင်း၊ အခုလို ကိုဗစ် outbreak ဖြစ်နေတဲ့အချိန်မှာ ဆေးပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး၊ ပုဂ္ဂ္ဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကို စစ်တပ်အမိန့်နဲ့လိုက်ပိတ်တာတွေအပြင် ရောဂါဖြစ်ပွားနေတဲ့  ပြည်သူတွေအတွက် ကျန်းမာရေးအဆောက်အအုံတွေ စနစ်တကျ စီမံထားခြင်း များမရှိကြောင်း ၊ နေ့စဉ် နေ့တိုင်း ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးနေရတာ တွေအတွက် အလွန် စိတ်မချမ်းမသာဖြစ်ရကြောင်း၊

ဖေဖေါ်ဝါရီလကစပြီး  ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီ နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံ ရောက်ရသလို အခု ကပ်ရောဂါဘေးကိုပါ အကာအကွယ်မဲ့ခံစားနေရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ပထမလှိုင်း ၊ဒုတိယလှိုင်းတွေကို ဖြတ်ကျော်ခဲ့စဉ်က ခေါင်းဆောင်ကောင်းရဲ့လမ်းညွှန်မှု ၊အစိုးရဝန်ကြီးဌာနများ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အဓိကအားဖြင့် ပြည်သူတစ်ရပ်လုံးရဲ့ အရပ်သားအစိုးရအပေါ် ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရောဂါအန္တရယ်ကိုကျော်လွှားနိုင်ခဲ့ကြသလို စီးပွားရေးရပ်နားထားရမှုများကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း စုပေါင်းအင်အားနဲ့ ကျော်လွှားနိုင်ခဲ့ကြကြောင်း

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေကို COVID 19 ကပ်ရောဂါဆိုးကနေ ကာကွယ်ပေးဖို့မရှိ တဲ့အပြင် ပိတ်ပင်တားဆီးမှုတွေကိုပါ လုပ်ကိုင်ဆောင်ရွက်နေတာကို ကြည့်ရင်  သူတို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူတွေကို တတ်နိုင်သမျှ အစွမ်းကုန်အကူအညီပေးနိုင်မယ့် အစီအစဉ်တွေကို အမြန်ချမှတ်ဖို့လိုကြောင်း၊  ဝန်ကြီးဌာနတွေက လိုအပ်တဲ့ ကော်မရှင်တွေဖွဲ့စည်းပြီး ဆောင်ရွက်နေကြကြောင်း၊ ပိုမိုမြန်ဆန်ထိရောက်မယ့် နည်းလမ်းများရှိဖွေလုပ်ဆောင်ကြဖို့တိုက်တွန်းလိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့လဲ ပြည်သူတွေကို ကိုဗစ်နဲ့ပါတ်သတ်ပြီးအသိပညာပေးများကို ကျန်းမာရေးဝန်ကြီးဌာန website မှ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေတာကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ပြည်သူတွေအနေနဲ့လဲ အသိ သတိဖြင့် ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်ဖို့အားတင်းထားကြမယ်လို့ယုံကြည်ကြောင်း၊

အခုဆိုရင် ထောင်တွေထဲမှာလည်း ကိုဗစ်ရောဂါပြန့်ပွားနေပြီလို့ ကြားသိရတဲ့အတွက် မတရား အဖမ်းဆီးခံထားရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေအတွက်လည်း အလွန်စိုးရိမ်ပူပန်မိကြောင်း၊ ဒီကိစ္စအတွက်လည်း ICRC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ဘယ်လိုအကာအကွယ် ပေးနိုင်မလဲဆိုတာ စဉ်းစားဖို့လိုအပ်ကြောင်း၊

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ရင်း၊ တစ်ဘက်မှလည်း တော်လှန်ရေးကို မျက်ခြေမပြတ်လှုပ်ရှားဆောင်ရွက်နေဖို့လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲအားလုံးရဲ့တရားခံဟာ အကြမ်းဖက်စစ်အုပ်စုသာဖြစ်ကြောင်း၊ သူတို့ကို အမြစ်ပြတ်ချေမှုန်း နိုင်မှသာ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခအပေါင်းချုပ်ငြိမ်းမယ်ဆိုတာကို အမြဲနှလုံးသွင်းဖို့လိုကြောင်း ပြောကြားခဲ့ ပါတယ်။ 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေက သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနြ့ ပတ်သက်တဲ့ကိစ္စ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက NUCC ဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းနိုင်ရေး လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးကြပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနက COVID 19 အတွက် လက်ရှိလုပ်ဆောင်နေသောကိစ္စတွေကို အသီးသီးဆွေးနွေးတင်ပြကြခဲ့ကြကာ အစည်းအဝေးကို နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် ရုပ်သိမ်းလိုက်ပါတယ်။