အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်

၃ ဩဂုတ် ၂၀၂၁

------------------------------------------------------------------

ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၇/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..

ယာယီသမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀) အတွင်း စစ်ကောင်စီကို အပြီးသတ်တိုက်ထုတ်ရှင်းလင်းနိုင်ခြင်းမရှိသေးပေးပေမယ့် စစ်ကောင်စီရဲ့ခြေကုတ် အနိုင်ကျင့်မှုတွေကို ဖြိုဖျက်နိုင်မယ့် အခြေခံလုပ်ငန်းတွေကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီညွတ်သောအစိုးရကိုဖွဲ့စည်းပြီး ကြားကာလအစိုးရ ယန္တယားကို ပြည်သူလူထုအတွင်း အမြစ်တွယ်နေစေရန်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်ခြင်း၊တစ်ဘက်မှာလဲ စစ်ကောင်စီကိုဖြုတ်ချနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေနဲ့  စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှုတည်ဆောက်နေခြင်းတွေကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ကနီ၊ မင်းကင်းနဲ့ယင်းမာပင် မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး  ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို အရပ်သားပြည်သူသေဆုံးမှု မနေ့ကအထိ (၂၃)ဦးအထိရှိပြီဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတဲ့အတွက်အလွန်စိတ်ထိခိုက်ရကြောင်း၊

တော်လှန်ရေးက တရက် ကြန့်ကြာလေလေ ပြည်သူများ အသက်တွေဆုံးရှူံးနေရလေလေ ဖြစ်တာ ကြောင့် NUG အစိုးရရဲ့ တော်လှန်ရေးမဟာဗျူဟာများ ၊စစ်ရေးမဟာဗျူဟာများကို အမြန်အသက်ဝင်အောင် လုပ်ဆောင်ကြရတော့မည့် အချိန်ရောက်နေပြီလို့ ပြောလိုကြောင်း၊ ပြည်သူတွေက D day ကိုမျှော်လင့်နေ ကြကြောင်း၊ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပြောရရင် D day ဆိုတာ ရက် တစ်ရက် သီးသန့် သတ်မှတ်တယ်ဆိုတာထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်ကြောင်း ၊ ဒါကြောင့် မြို့နယ်တစ်ခုချင်းစီမှာ မြေပြင်အခြေအနေအလိုက် လိုအပ်လာမယ့် သက်ဆိုင်ရာကဏ္ဍတွေကို ဝန်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပြီး အစီအမံများဆောင်ရွက်ထားဖို့ဝန်ကြီးတွေကို တိုက်တွန်းလိုကြောင်း၊ လာမည့် သြဂုတ်လ (၈) ရက်နေ့ဆိုရင် ဒီမိုကရေစီအရေးအတွက် ပြည်သူတွေတိုက်ပွဲဝင်ခဲ့ကြတဲ့ ၈ လေးလုံးအရေးတော်ပုံကြီးရဲ့ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ၁၉၈၈ ကာလ ၈လေးလုံး အရေးတော်ပုံကစလို့ ၂၀၂၁ကာလ (၂) ငါးလုံးအရေးတော်ပုံအထိ ပြည်သူလူထုဟာ စစ်အာဏာရှင်ကိုမလိုလားပဲ ဒီမိုကရေစီစနစ်ကိုသာ လိုလားတယ်ဆိုတဲ့စိတ်ကို တစ်စိုက်မတ်မတ်ပြသလာကြတာ အခုတကြိမ်မှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် အပြီးသတ် ချေမှုန်းသွားကြဖို့တိုက်တွန်းကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြရာ နိုင်ငံခြားရေးဝန်ကြီးဌာနက NUCC အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက Covid 19 အတွက် လက်ရှိဆောင်ရွက်ချက်တွေ၊ အလုပ်သမားဝန်ကြီးဌာနက ကြားကာလလူမှုဖူလုံရေး ဆေးကုသရေးနဲ့ ထောက်ပံ့မှုများစီစဉ်နိုငရေးကိစ္စတွေ၊  အမျိုးသမီး လူငယ်နှင့် ကလေး သူငယ်ဝန်ကြီးဌာနက အင်းစိန်ထောင်တွင်း ဆန္ဒပြမှု နောက်ဆက်တွဲအခြေအနေတွေ၊ တရားရေးဝန်ကြီးဌာနက ဝန်ကြီးဌာနရဲ့ မူဝါဒတင်ပြမှုတွေ  ဆောင်ရွက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ မိနစ် ၃၀ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။