ပူးတွဲထုတ်ပြန်ကြေညာချက်


ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက်


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်သူ့အစိုးရအဖွဲ့ဝင် များကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာကို သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှု များကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် အဆိုပါ အကြမ်းဖက်အုပ်စု ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ - Enemy of the State” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ အနေဖြင့်

(က) “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က အသွင်ပြောင်းထားသည့် “နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” သည်လည်း အထက်ပါ ကြေညာချက် များ နှင့် အကျုံးဝင်သော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သောကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ” ဖြစ်ကြောင်း

(ခ) ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ သည်လည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းများ ဖြစ်ကြောင်း

(ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများအား ၎င်းတို့က အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းများသည် တရားမဝင်ပျက်ပြယ်ပြီး ဖြစ် ကြောင်း

(ဃ) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများအားလုံး၏ လုပ်ဆောင်ချက်မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်း နှင့်

(င) ၎င်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


ဆက်သွယ်ရန်

ဦးနေမျိုး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( Signal +66 926 529 412)

ဒေါ်နှင်းနှင်းမွှေး ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( Signal +66 928 402 330)

ဦးနေဘုန်းလတ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ( Signal + 66 654 867 824)