အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ သဝဏ်လွှာပေးပို့

ဇန်နဝါရီ ၂၀ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ထံသို့ ဇန်နဝါရီ ၇ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

သဝဏ်လွှာတွင် မလေးရှားနိုင်ငံ​၏ ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းကို ဖော်ပြထားသည်။ 

သဝဏ်လွှာထဲတွင် မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေးပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်းလည်း ပြောဆိုထားသည်။

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့သည် မြန်မာပြည်သူများ​၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာရယူထားခြင်းမှ ဒီမိုကရေစီပြန်ရဖို့ ခုခံကာကွယ်တာ ၄ နှစ်ပြည့်ဖြစ်ကြောင်းနှင့် အဆိုပါကာလတွေအတွင်း စစ်တပ်​၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရသည်ဟုလည်း ပါဝင်သည်။

ထိုကဲ့သို့ အခက်အခဲများကို မြန်မာပြည်သူလူထုသည် ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်အောင် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်းရေးသားခဲ့ပြီး နွေဦးတော်လှန်ရေးကာလတွေအတွင်း မလေးရှားနိုင်ငံ​၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်းနှင့် ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားသည်ဟုလည်း ယာယီသမ္မတကြီးက ထည့်သွင်းရေးသားထားသည်။

ယခုနှစ်ဟာ အလှည့်အပြောင်းနှစ်ဖြစ်ကြောင်း၊ယခုအခါစစ်တပ်သည် တိုင်းပြည်​၏နယ်မြေထဲက ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး အဲ့ဒီ့ရာခိုင်နှုန်းဟာလည်း နေ့စဉ်နဲ့အမျှလျှော့နည်းလျက်ရှိကြောင်း၊  အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုးစားနေခြင်းသည် မြန်မာနိုင်ငံ​၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဟု ပြောကြားထားပါသည်။ 

အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ​၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု​၏ စစ်မှန်သော သဘောထားနှင့်လိုက်လျောညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ဖော်ပြထားသည်။