ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၀) ရက် ဒီကနေ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး (FSCC) ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနဲ့ FSCC ကော်မရှင်အဖွဲ့ဝင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ FSCC ကော်မရှင်အစည်းအဝေးဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ပြုလုပ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခင် FSCC ကော်မရှင်အစည်းအဝေး ပထမအကြိမ် ကျင်းပတုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့ အခြေခံမူတွေနဲ့ပတ်သက်ပြီး ထပ်မံ ပြောကြားချင်တာ ရှိပါတယ်။ ဒီနေ့ ကော်မရှင်အစည်းအဝေး agenda က နိုင်ငံရေးအရ သော်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအရသော်လည်းကောင်း အရေးကြီးတဲ့ နိုင်ငံရေးပိုင်းတွေ ပါဝင်နေတယ်လို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ FSCC ကော်မရှင်အနေနဲ့ ရှေ့ရှုရမယ့် အခြေခံသဘောထား၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကိစ္စအပြင် KNU နဲ့ တွေ့ဆုံရေးကိစ္စတို့မှာ ကျွန်တော်တို့ သတိချပ်ရမယ့် အချက်တချို့ကို ပြောကြားချင်ပါတယ်။ ဒီနေ့ FSCC ကော်မရှင်အနေနဲ့ မိမိတို့ ပြုသမျှ / ပြောသမျှ / လုပ်သမျှ ကိစ္စအားလုံးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထားပြီး လုပ်ဆောင်ရလိမ့်မယ်လို့ ကနဦး ပြောကြားလို ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရင်း တစ်ဖက်မှာလည်း တိုင်းပြည် တည်ဆောက်ရေးလို့ ခေါ်တဲ့ Nation Building ကိစ္စကို လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စဟာ FSCC ကော်မရှင်ရဲ့ အခြေခံအုတ်မြစ် သဘောထား အဖြစ် ခိုင်ခိုင်မာမာ အုတ်မြစ်တည်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နဲ့ (၂)” အပေါ်မှာ ဆုံချက်ထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ လိုပါတယ်။ ယခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ ပူးတွဲတည်ဆောက်နေတဲ့ nation building ကိစ္စကို (တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမျိုးစုလွတ်မြောက်ရေး) စတဲ့ အခြေခံ အချက် (၃) ရပ်နဲ့ အစဉ်တစိုက် ယှဉ်တွဲတည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ နောက်ထပ် ပြောကြားချင်တဲ့ကိစ္စကတော့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင် နေတာတွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစုကြီးတွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ် တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေ ပါတယ်။ KNU က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျွန်တော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၅) ရက်ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရလို့ အထူး ဝမ်းသာ ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ဦးဆောင်ကျင်းပတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ပဏာမအားဖြင့် ပြောချင်ပါတယ်။ဒီမိုကရေစီလို့ ပြောရင် အနှစ်သာရအားဖြင့် အမြောက်အမြားရှိတာ တွေ့ရပါတယ်။ ဒီနေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အများအပြားရှိတဲ့အထဲက အခြေခံကျတဲ့ အချက် (၃) ချက်ကို ကောက်နုတ် ပြောချင်ပါတယ်။ အဲဒီ့အချက် (၃) ချက်ကတော့ “တန်းတူညီမျှခြင်း” “လွတ်လပ်ခွင့်” နဲ့ “တရားဥပဒေစိုးမိုးမှု” ဆိုတဲ့ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီကို မြည်းစမ်းခွင့်သာ ရပြီး ဒီမိုကရေစီရဲ့ အရသာကို အချိန်ကြာကြာ စားသုံးခွင့် မရခဲ့ကြပါဘူး။ အခုလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်း သန္ဓေတည်နေတဲ့ကာလမှာပဲ နောက်ကြောင်းပြန်မှု ဖြစ်ခဲ့ပါတယ်။ ဒါကို အခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုရဲ့ သဘောထားနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည် တွန်းတင်နေကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း အလျင်အမြန် ပြန်ရောက်ဖို့ လိုပါတယ်။ဒီတစ်ခါ နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ လူထုဒီမိုကရေစီကြိုးပမ်းမှုကြီးကတော့ ဒီမိုကရေစီသက်သက် မဟုတ်တော့ပါဘူး။ ဖက်ဒရယ်စနစ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ လူထုကြွေးကြော်သံဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “တန်းတူညီမျှမှု” ကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ identity လို့ ခေါ်တဲ့ အမှတ်သရုပ်အရ တန်းတူညီမျှတာနဲ့ အာဏာခွဲဝေမှုအရ တန်းတူညီမျှတာတွေဟာ ဖက်ဒရယ်စနစ်ထဲမှာ အကြုံးဝင်တယ်လို့ ယူဆပါတယ်။ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အခြေခံနှုန်းစံတွေကလည်း ဖက်ဒရယ်စနစ်မှာ ပါဝင်နေပါတယ်။ လွတ်လပ်စွာ စီရင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ အာဏာအရ တန်းတူညီမျှခွင့်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီမိုကရေစီဟာ လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံထားချက်ဖြစ်ပြီး ဖက်ဒရယ်ကတော့ လူမျိုးစုပြဋ္ဌာန်းခွင့်ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ဒီမိုကရေစီမှာ လူထုတန်းတူညီမျှခွင့်ကို ဇောင်းပေးပြောတာတွေ့ရပြီး ဖက်ဒရယ်မှာတော့ လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုကို အခြေခံပြီး ပြောတာတွေ့ရပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ အခြေခံ မိတ်ဖက်တွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ဟာ မွေးရာပါ မိတ်ဖက်တွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ဒီနေ့ အခမ်းအနားကို တက်ရောက်လာသူ အားလုံးကလည်း ဒီအခြေခံအချက်ကို သတိတရ ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။နောက်ထပ် ပြောကြားချင်တာကတော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး အထူးပြု ပြောချင်ပါတယ်။ ဒီမိုကရေစီမှာ လူထုလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခြေခံ အချက်ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အခု အချိန်မှာ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပါတယ်။ လူထုဟာ မိုးထဲ ရေထဲမှာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နေကြရပါတယ်။ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံနေကြရပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက် ပျက်သုဉ်းလိုက်တာနဲ့ ပြည်သူလူထုဟာ တရားသောဥပဒေတွေရဲ့ ကာကွယ်ပေးမှုကို မခံရတော့ပါဘူး။ ဒါကို သေချာ နားလည်ပြီး ကျွန်တော်တို့ဟာ တရားသော ဥပဒေတွေနဲ့ ထိန်းကျောင်းသော လူမှုအဆောက်အအုံကို တည်ဆောက်ဖို့ လိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ လွှတ်တော် institution တစ်ခုဖြစ်တာကြောင့် တရားသောဥပဒေတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ အုတ်မြစ်ချနိုင်ရေးအတွက် အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆပါတယ်။ဒါပေမယ့် ဒါဟာ အတူတကွ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရမယ့်ကိစ္စဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရတွေကို ဘက်ပေါင်းစုံကနေ မြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ မွေးရာပါ မိတ်ဖက်ဖြစ်တဲ့ ဖက်ဒရယ်နှုန်းစံတွေကိုလည်း ကျွန်တော်တို့ လူထုကြားထဲ သယ်ဆောင်လာကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ ယခုအချိန်မှာ နိုင်ငံသစ်နဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နေကြခြင်း ဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အဟောင်းကို ဖြိုတဲ့ လုပ်ငန်းစဉ်တွေ ရှိသလို၊ အသစ်ကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ အသစ်ကို တည်ဆောက်ရာမှာ / ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေဖြစ်တဲ့ တန်းတူညီမျှရေး၊ / လွတ်လပ်ခွင့်နဲ့ / တရားသော ဥပဒေမူဘောင်များ အုတ်မြစ်တည်နိုင်ရေးကို/ အမြော်အမြင်ရှိရှိ / သဘောထားကြီးကြီးနဲ့ တည်ဆောက်ကြဖို့ / တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။

ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း

ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့လေးစားချစ်ခင်ရပါသော တိုင်းသူပြည်သားများခင်ဗျားနွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ (၂) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ နိုင်ငံရေး၊ စစ်ရေး၊ ပြည်သူပါဝင်ရေး စတဲ့  ကဏ္ဍ အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေပြီဆိုတာလည်း တိုင်းသူပြည်သားအားလုံးကို အသိပေးချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်က လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သတ်ဖြတ်မှု များကြောင့် ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်တဲ့အဆင့်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ ကိုယ့်ဒေသ ကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ် တူမီးသေနတ်များဖြင့် စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ မဟာဗျူဟာ ကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန် တိုက်ခိုက်လာ နိုင်ပြီဖြစ်ပါတယ်။ ထို့အတူ Generation – Z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းသစ်တီထွင်မှုများကြောင့် နည်းပညာမြင့် ဒရုန်းများကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်နေပြီဖြစ်ပါတယ်။ စစ်ဒေသ (၃) ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း (၃၀၀) ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူလက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ မိမိတို့ စိုးမိုးနယ်မြေတွေ မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကိုလည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။ တဘက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်းတခု ဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစထက်တစ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပါတယ်။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာ အဘက်ဘက်က ပြိုလဲကျရှုံးနေပြီဆိုတာ အားလုံးမြင်တွေ့မှာ ဖြစ်ပါတယ်။ တိုင်းသူပြည်သားများခင်ဗျားဒီအောင်မြင်မှုတွေဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို အခြေတည်ပြီး ကျွန်တော်တို့ ပြည်သူလူထုရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ အနစ်နာခံမှု၊ မဟာမိတ် တိုင်းရင်းသားအင်အားစုများရဲ့ လက်တွဲပူးပေါင်းပါဝင်မှု၊ ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များရဲ့ ရဲဝံ့စွာ စွန့်လွှတ်အနစ်နာခံမှု၊ နွေဦးတော်လှန်ရေးမှာ ကျရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့  ကြိုးစားအားထုတ်မှု တွေကြောင့် ဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ် ၂ နှစ်တာကာလအတွင်း ဂုဏ်ရောင် ပြောင်မြောက်စွာ အသက်ပေး စွန့်လွှတ်ခဲ့ ကြသူများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ထားကြသူများ၊ စစ်အုပ်စုရဲ့ အကျဥ်းထောင်အသီးသီးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေကြသူများ၊ စစ်ကောင်စီကို ဆန့်ကျင် အာဏာဖီဆန်ခဲ့သော CDM ဝန်ထမ်းများ အစရှိတဲ့ သူရဲကောင်းများကိုလည်း ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဥ်မှာ အမြဲအမှတ်ရ ဂုဏ်ပြု ဦးညွှတ်နေမှာဖြစ်ပါတယ်။ ရန်ပုံငွေရှာဖွေမှု၊ ဘဏ္ဍာငွေ စနစ်တကျ သုံးစွဲနိုင်မှုတွေကလည်း တော်လှန်ရေးရဲ့ အရေးပါတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂိုလ်အသီးသီးနဲ့ ရန်ပုံငွေ ထည့်ဝင်ပေးနေကြသူတွေ အားလုံးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒီ့အတွက်လည်း အထူးကျေးဇူးတင်ပြီး အလေးအနက်ထား မှတ်တမ်းတင်ရပါကြောင်းပြောလိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်တွင်းမှာ အရှိန်အဟုန်မြင့်နေသလိုပဲ ပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာလည်း အရေးပါတဲ့ တရားဝင်မှုတွေကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အသံကို ဆက်လက် ထုတ်ဖော် ပြောကြားလျက်ရှိပါတယ်။  အကြမ်းဖက် စစ်ကောင်စီ ကို အာဆီယံနဲ့  နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဘဲ ဆက်လက် ဖယ်ကျဉ်ထားဆဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အရှေ့တီမောနိုင်ငံရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်က လည်း  မြန်မာလူထုအနေဖြင့် သမိုင်းမှတ်တမ်းတင်ထားရမယ့် ရပ်တည်ချက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အင်အားစုများနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကြားမှာ စစ်ရေး နိုင်ငံရေးအရ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှု၊ ဘဏ္ဏာငွေ မျှဝေသုံးစွဲမှု စသဖြင့် စုစည်းညီညွတ်မှု၊ နားလည်ယုံကြည်မှုတွေနဲ့ လက်တွဲဆောင်ရွက်မှုတွေ အရှိန်ရနေပါပြီ။ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုများအကြား အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြေကြေလည်လည် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။(၁) အမျိုးသားညီညွတ်ရေးအစိုးရအတွင်း တာဝန်ထမ်းဆောင်နေသော တော်လှန်ရေး ရဲဘော်များခင်ဗျား ပြည်သူကပေးအပ်ထားတဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနဲ့ ဝန်ထမ်းအဆင့်ဆင့်ကိုလည်း တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့  ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကို ကျွန်တော့်အနေနဲ့ အထူး ကျေးဇူးတင် မှတ်ကျောက်တင်လိုပါတယ်။ အစိုးရဆိုတာ လူထုကို ဝန်ဆောင်မှု ပေးရတာဖြစ်တဲ့အတွက် လူထုကို အလေးထား မျက်နှာမူပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ပိုပြီး စနစ်တကျရှိဖို့ အရေးကြီးပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တရားရေးကဏ္ဍပိုင်းမှာ တာဝန်ယူ လုပ်ဆောင်နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကို အနီးကပ်ဆုံး နားထောင်ကြပါ။ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိ၊ ဝန်လေးစေမယ့် လုပ်ရပ်တွေကို မလုပ်မိ ကြဖို့၊ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များနဲ့ ဒေသကာကွယ်ရေး (LPDF) ရဲဘော်များခင်ဗျား စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မည်သည့်အခက်အခဲမျိုးကိုမဆို အံတုပြီး ရှေ့တန်းကနေ မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တို့ရဲ့  စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့မှုတွေကို အထူး ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ တုတ်/ဓား/ တူမီး ရရာလက်နက်ကိုင်စွဲပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အစပြုခဲ့တဲ့ ကျွန်တော်တို့ တော်လှန်ရေးဟာ ၂ နှစ်ကျော်ကာလ အတွင်းမှာ တပ်ရင်းပေါင်းများစွာကို လက်နက်များ တပ်ဆင်လာနိုင်ပါပြီ။ နယ်မြေစိုးမိုးမှု များစွာ ချဲ့ထွင် လာနိုင်ပါပြီ။ ဒီအောင်မြင်မှုတွေဟာ ရဲဘော်တို့ရဲ့  စွမ်းစွမ်းတမံ ဆောင်ရွက်မှုနဲ့ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုတွေကြောင့်ဖြစ်တယ်ဆိုတာ အလေးအနက်ထား ပြောလိုပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့လည်း လက်နက်ခဲယမ်းများ ထပ်မံဖြည့်ဆည်းနိုင်အောင် အမြဲဦးစားပေး ဆောင်ရွက်နေတယ် ဆိုတာ ထပ်မံအသိပေးလိုပါတယ်။ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ဆက်လက် အားဖြည့် ထောက်ပံ့နေမှာ ဖြစ်ပါတယ်။ တဆက်တည်းဆိုသလိုပဲ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျွန်တော့်အနေနဲ့ အထူး မေတ္တာရပ်ခံလို တာက ကျွန်တော်တို့ PDF များနဲ့အတူ မဟာမိတ်များက “ထုအင်အား” တည်ဆောက်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှု အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ကြပါ။  စစ်ကောင်စီကို အဆုံးသတ်တိုက်ထုတ်ဖို့ရာ ကျွန်တော်တို့အနေနဲ့ စုစည်းညီညွတ်မှု ရှိဖို့လိုသလို စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် Chain of Command တခုတည်းအောက်မှာ အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်မြေပြင်မှာ စစ်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများ (code of conduct) ကို အမြဲဦးပန်လျက် လိုက်နာစောင့်ထိန်းကြဖို့ ထပ်မံအလေးအနက်ထား သတိပေးလိုပါတယ်။ တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းရွက်နေကြသူတွေကို ကျွန်တော့်အနေနဲ့ အထူးသတိပေး လိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့  အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို စစ်အာဏာရှင်ရဲ့ အမှုအကျင့်တွေ၊ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ လက်မ မကောင်း လက်မ၊ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းရမယ့် တော်လှန်ရေးခရီးမှာ ခက်ခဲကြမ်းတမ်းမှုတွေ၊ စိန်ခေါ်မှု တွေ အများကြီး ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါတွေကို ပြည်သူတွေရဲ့ အား၊ ကျွန်တော်တို့ရဲ့ စုစည်း ညီညွတ်မှုအား၊ တော်လှန်ရေးအပေါ်ထားတဲ့ မြဲမြံခိုင်မာသော ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်ပြီး မျှော်ရည်ထားတဲ့ အန္တိမပန်းတိုင်ဆီ အရောက်သွားရမှာ ဖြစ်ပါတယ်။(၂) မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများခင်ဗျားကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်မှု ခိုင်ခိုင်မာမာနဲ့ ရှင်သန်နေပြီး အောင်မြင်မှုတွေ ရယူနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်ကနေ လက်တွဲကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ အတွေ့အကြုံနဲ့စွမ်းရည်များ ပံ့ပိုး ဝေမျှပေးမှုတွေက အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ မဟာဗျူဟာကျကျ ရင်ဆိုင် တိုက်ခိုက်နေနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက်တပ်ဆင်ပေးမှု တွေကနေရရှိလာတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။ဒီလို ခမ်းနားလှတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်း ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးရဲ့ပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ရာ ကျွန်တော်တို့အားလုံး ကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်း တောင်းဆိုပါတယ်။ ညီညွတ်မှုများဖြင့် ကျွန်တော်တို့အတူတကွ လက်တွဲ တိုက်ပွဲဝင်ကြမယ်ဆိုရင် ယိုင်နဲ့နေတဲ့ စစ်အာဏာရှင်စနစ်ဟာ မကြာခင်မှာပဲ အဆုံးသတ် ပြိုလဲသွားမှာြဖစ်ပါတယ်။(၃) နိုင်ငံတကာ မိတ်ဆွေများခင်ဗျား  ကျွန်တော်တို့ ပြည်သူလူထုဟာ အသက်တွေ၊ ဘ၀တွေ ပေးဆပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်နေကြတယ်ဆိုတာ နိုင်ငံတကာအစိုးရများကို အလေးအနက်ထား ပြောလိုပါတယ်။ ရရှိထားတဲ့ အချက်အလက်များအရ ယခုနှစ် ဩဂုတ်လကုန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ပေါင်း (၄,၀၂၃) ဦး သေဆုံးထားရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားကျေးရွာ၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ  ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် (၁,၄၀၀) ကျော် ကျူးလွန်တိုက်ခိုက်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို  ဗြောင်ကျကျ ကျူးလွန်လျက်ရှိပါတယ်။ ဒီကျူးလွန်မှုတွေအတွက် အရေးယူ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့် မရသင့်တော့ပါဘူး။ မြန်မာပြည်သူလူထုကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို့သာ ထောက်ကူပါလို့ အလေးအနက် တောင်းဆိုပါတယ်။ နိုင်ငံတကာက ထိရောက်စွာကူညီရင် လူထုထိခိုက်မှုနည်းပြီး အောင်ပွဲ အမြန်ရရှိမှာဖြစ်ပါတယ်။တဘက်မှာ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းပါတယ်။ နိုင်ငံတကာအစိုးရများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဆက်လက်ဖယ်ကျဉ် ထားပြီး ဒီကနေ့ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက စစ်ဘက် အရပ်ဘက်  ခွဲခြားမှုမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာပြည်သူတွေ၊ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေ ဒီလူတွေအားလုံးအတွက် လူသားစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ နိုင်ငံတကာအကူအညီတွေဟာ ပေးကားပေး၏ မရဆိုသလို အဓိက လိုအပ်နေတဲ့ ပြည်သူတွေထံ မရောက်ရှိပါဘူး။ မြေပြင်မှာ ထိရောက်မှုမရှိနိုင်တဲ့ အကြမ်းဖက်စစ်အုပ်စု ကတဆင့် ကူညီထောက်ပံ့မှုများကို ရပ်တန့်ပြီး  လက်တွေ့မြေပြင်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ တိုက်ရိုက် ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းများကို ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့  အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်မှုများကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ တဘက်မှာလည်း စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လုံး၀ လိုက်နာဆောင်ရွက်ခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်ထည်ဖေါ်ရာမှာလည်း တိကျတဲ့ အချိန်ကာလသတ်မှတ်ပြီး ထိရောက်တဲ့ အကောင်အထည်ဖေါ်မှုတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။မြန်မာ့ဒီမိုကရေစီအရေးအပေါ် အမေရိကန်အစိုးရက အလေးအနက်ထားပြီး Burma Act ကို ပြဌန်းခဲ့တာအတွက် ကျေးဇူးအထူးတင်ရပါတယ်။ Burma Act မှာ ပါဝင်တဲ့ လူသားခြင်းစာနာမှု အကူအညီတွေနဲ့ Non-lethal Assistance အကူအညီတွေကို အမြန်ဆုံး အကောင်ထည်ဖေါ်လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။(၄) တိုင်းသူပြည်သားများခင်ဗျား စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပါ တယ်။ ကျွန်တော်တို့တော်လှန်ရေးဟာ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုတခုတည်း မဟုတ်ပါဘူး။ စစ်အုပ်စုကို နိုင်ငံရေး စီပွားရေးအရ ဆန့်ကျင်အံတုမှုတွေကလည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ရန်သူစစ်အုပ်စု စိုးမိုးနိုင်နေသေးတဲ့ မြို့ပြကြီးတွေမှာ အခက်အခဲ အန္တရာယ်မျိုးစုံကို အမှုမထားဘဲ ဆန္ဒပြပွဲတွေ ဖော်ဆောင်တာ၊ မြို့ပြပြောက်ကြားတိုက်ပွဲတွေ ဆင်နွှဲတာ စတဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ကျွန်တော့်အနေနဲ့ အထူးအားရမိပါတယ်။  အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုကို တော်လှန်ရေးနဲ့ ဝေးကွာသွားဖို့ သူတို့ချုပ်ကိုင်နိုင်နေသေးတဲ့ မြို့ပြတွေမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်တာ၊ သူတို့မီဒီယာတွေကို အသုံးချပြီး ဖျော်ဖြေရေးတွေနဲ့ အာရုံလှည့် စားတာတွေ လုပ်နေပါတယ်။ ဒါတွေဟာ တော်လှန်ရေးအပေါ် ပြည်သူလူထုရဲ့ စူးစိုက်မှုကို အာရုံလွှဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်မိဖို့လိုပါတယ်။ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ သွေးဆောင်ဖျားယောင်းမှုနောက် လိုက်ပါမသွားဘဲ တော်လှန်ရေးနဲ့ တသားတည်းရှိနေကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ပြည်သူများဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန် မိုက်မဲတဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေကြောင့် ကုန်စျေးနူန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်ဆိုတာကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းစွာ သတိပြုမိပြီး အလေးအနက်ထားစောင့်ကြည့်လျက်ရှိပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများကို အသိပေးလိုပါတယ်။ ဒီလို ခက်ခဲကျပ်တည်းမှုတွေကို ဖြေရှင်းကုစားနိုင်ဖို့ဆိုတာ အဓိက လက်သည်တရားခံဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချပြီး တော်လှန်ရေးအောင်ပွဲကို ရယူခြင်းကသာလျှင် တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရယူနိုင်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တတ်စွမ်းသမျှ ပါဝင်ကြပါ။ ငွေကြေးတတ်နိုင်သူ ငွေကြေး၊ ငွေကြေးမတတ်နိုင်သူတွေအနေနဲ့လည်း သတင်း အချက်အလက်များ ပေးပြီး ပံ့ပိုးကူညီတာ၊ စစ်တပ်ပိုင်စီးပွားရေးတွေကို ဆန့်ကျင်တာ၊ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုတာ စတဲ့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းများဖြင့် တော်လှန်ရေးကို ပံ့ပိုးကူညီနေကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ရပါလိမ့်မယ်၊ ပြည်သူ့ဓါးနဲ့ အမြစ်ဖြတ်ရပါလိမ့်မယ်။ “လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်” ပြည်သူအားလုံး တသံတည်းညီ၊ တချီတည်း ရုန်းချိန် တန်ပါပြီ။ မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို ပြောလိုတာက ပြည်သူတွေ ကျွေးတာ စား၊ ပြည်သူ့ဘဏ္ဍာသုံးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါလူတစုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖြစ်မခံဘဲ အခြေအနေအမှန်ကို လက်တွေ့ကျကျ ရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွါကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီး အမှန်တရားဘက်မှာ ဂုဏ်သိက္ခာရှိစွာရပ်တည်ကြပါ။ တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူ့ထံကသာ ဆင်းသက်တာဖြစ်တယ်၊ ပြည်သူ့အာဏာကို ပြည်သူ မလိုလားတဲ့ မင်းအောင်လှိုင် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြောလိုတာက ကျွန်တော်တို့တော်လှန်ရေးဟာ စုစည်းညီညွတ်မှုအားနဲ့  ပြည်သူ့အား ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်။ ဒီတော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေး ဖြစ်တာ ကြောင့် ကျွန်တော်တို့တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ် နှလုံးသွင်း ထားကြဖို့ လိုအပ်ပါတယ်။ "ပြည်သူ့အားပေါ် အခြေတည်၊ စုစည်းညီညွတ်မှုသည် အောင်ပွဲအရင်းခံ" ဖြစ်တယ်ဆိုတာ ပြောကြား ရင်း နိဂုံးချုပ်လိုက်ပါတယ်။အရေးတော်ပုံမုချအောင်ရမည်...

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက် ပထမဦးစွာ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားမှာ  လူမျိုးစု ခေါင်းဆောင်အသီးသီးနဲ့ တော်လှန်ရေးအင်အားစုအသီးသီးက ကိုယ်စားလှယ်များ/ ခေါင်းဆောင်များကို  တစ်ညီတစ်ညွတ်တည်း တွေ့ခွင့်ဆုံခွင့်ရလို့ အထူး ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ တစ်ဆက်တည်းမှာ ယခု တက်ရောက်လာသော ကိုယ်စားလှယ်များ၊ ခေါင်းဆောင် များကို နွေဦးတော်လှန်ရေး ဘက်တော်သားများအဖြစ် အလေးအမြတ် ဦးညွှတ်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် လူထုရဲ့ နားလည်လက်ခံထားမှုကို အနည်းငယ် ပြောကြားချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ ထိုနည်းတူစွာပဲ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်း ကို စနစ်တကျ တည်ထောင်ဖို့ ရည်ညွှန်းထားတဲ့ အခြေခံမူ အပေါင်းအစုလည်း ဖြစ်ပါတယ်။ လူထုကိုယ်၌က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ ဒီလို နားလည်ထားသလို၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူထုသဘောထားနဲ့ ထပ်တူ နားလည်လက်ခံထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်သော လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးထဲမှာ လူထုရဲ့ အင်နဲ့ အားနဲ့ တော်လှန်မှုကို ကျွန်တော်တို့ အားလုံး ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒီလို လူထုလှုပ်ရှားမှုအတွင်းမှာ တော်လှန်ရေး အင်အားစုအားလုံး ဝိုင်းဝန်း သဘောညီထားတဲ့ နိုင်ငံရေးဘုံသဘောတူညီချက် တစ်ခုဟာ မဖြစ်မနေ ရှိထားရပါလိမ့်မယ်။ ဒီလိုအပ်ချက်ကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပေါ်ထွက် လာတာဖြစ်သလို ဒီလိုအပ်ချက်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခြေခြေမြစ်မြစ် ပေါ်ထွက်လာရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက် လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲ ဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးလျှောက်လမ်းကို စနစ်တကျ လျှောက်လှမ်း နေပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေခံမူကောင်းတွေနဲ့ ထိန်းကွပ်ဦးဆောင်နိုင်စွမ်းရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး လျှောက်လှမ်းနေပါတယ်။ ယခု တက်ရောက်လာတဲ့ ခေါင်းဆောင်အသီးသီး၊ ကိုယ်စားလှယ်အသီးသီးကလည်း ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားတန်ဖိုးထားကြတဲ့သူတွေ ဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည်ထားပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာမှာ ကျွန်တော်တို့ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို ဗဟိုပြုပြီး ခေါင်းဆောင်မှု ပြုကြပါလို့ အထူး တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို၊ အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေဖြစ်ကြောင်း အတည်ပြု ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား…..အရေးတော်ပုံမုချအောင်ရမည်...

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

(၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်)           ဒီနေ့ (၁၃/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းတာဝန်တွေ များပြားတဲ့ကြားကနေ မပျက်မကွက် တက်ရောက်ပေးနေကြတဲ့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အလားတူပဲ မြေပြင်မှာ ပဋိပက္ခတွေတင်းမာနေတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရေစကြိုမြို့နယ်နဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် အတွင်းဝန်တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းမြောက် မိပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာဖြစ်နေကြတဲ့ တင်းမာမှုတွေကိုလည်း အတော်အတန် လျော့ချနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း လုံးဝပြေလည်သွားတဲ့အထိ ဆောင်ရွက်ပေး နိုင်ဖို့ကိုလည်း ဆက်လက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ရေစကြိုမှာဖြစ်နေတဲ့ ပြသနာတွေနဲ့ပက်သက်ပြီး အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးဖို့ လိုအပ် မှာဖြစ်ပါတယ်။ အဲ့ဒီလို မြေပြင်ရဲ့အခက်အခဲနဲ့ ပဋိပက္ခတွေကို ပြေလည် အောင်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ နေရာမှာ မြို့နယ်တစ်ခုချင်းစီရဲ့ ပကတိအခြေအနေအမှန်ကို သိရှိထား ကြဖို့ကလည်း  ပြဿနာများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တာကြောင့်   မြေပြင်ရဲ့ သတင်း အချက်အလက်များကို ပြုစုထားဖို့ အမြဲမပြတ် ညွှန်ကြားချက်တွေ ပေးနေရခြင်း ဖြစ်ပါတယ်။        ဒီလအတွင်းမှာ media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုံးကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့နေပြီဆိုတာ ပိုပြီးပေါ်လွင်လာပါတယ်။ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်း ဒါမှမဟုတ် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ စစ်ရေးစစ်ရာမှာ အတွေ့အကြုံများစွာ ကြွယ်ဝနေပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းတိုက်စစ်ဆင် ဖော်ဆောင်နိုင်မှုတွေကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဒါဟာ အနာဂတ်မှာ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာစေမယ့် ပထမဆုံး ခြေလှမ်းလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုဘဝ အဆင့်အတန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများ ပြိုကျ ပျက်စီးခဲ့ရသလို ဒေသတွင်းအတွက်လည်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စစ် ကောင်စီဟာ လက်တွေ့ဖြစ်ပျက်နေတာတွေ၊ ပျက်စီးပြိုလဲနေတာတွေ၊ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး၊ အာဏာကို မစွန့်လွတ်ရစေရေးအတွက် မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လျက်ရှိနေတာကို တောင်ပေါ်နဲ့ အညာမြေပြန့်၊ ကျေးလက်နဲ့ မြို့ပြမကျန် ခံစားနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်မိစ္ဆာတွေလက်အောက် ဘယ်တော့မှမနေဘူး ဆိုတာကို သူတို့ရဲ့ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ဝေမျှထောက်ပံ့မှုတွေကနေ မြင်တွေ့နိုင်ပြီး ဒီလို ဉာဏ်ပညာ၊ သတ္တိနဲ့ ပေးဆပ်မှုတွေကပဲ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအတွက်၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားရမယ့် အလုပ်တွေအတွက် ပိုမိုအားရှိစေတဲ့ ခွန်အားတွေ ဖြစ်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ကာကွယ်ရေးအင်အားစုများ၊ အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ ပြည် သူ့အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးအတွက် လုပ်ဆောင်နေသူများမှသည် ဒေသအကျိုးအတွက် ဖိအားအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြားက နိုင်ရာတာဝန်ယူပေးနေကြတဲ့ ပြည်သူများအားလုံးရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုများအတွက်လည်း ဂုဏ်ယူလေးစားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကြားကာလအုပ်ချုပ်ရေးကို စီမံဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီး ဌာနတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ စုစုစည်းစည်း ကြိုးစားဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့လိုအပ်ချက်များပံ့ပိုးရေး၊ ဝန်ဆောင်မှုပေးရေးတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ တာဝန်များဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကဲ့သို့ ဝန်ထမ်းယန္တရားကြီး တစ်ခုလုံးကို လည်ပတ် ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိနိုင်ပေမယ့် တတ်နိုင်သမျှ စနစ်လည်းကျ၊ အလုပ်လည်းဖြစ်နိုင်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။ ကြားကာလကော်မတီမှ ဝန်ကြီးဌာနများ အနေနဲ့  လည်း လက်ရှိလုပ်ဆောင်မှုများကို  အချိန်နဲ့တပြေးညီ လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်မယ့် မူဝါဒ ညွှန်ကြားချက်တွေနဲ့ စီမံအုပ်ချုပ်နိုင်ဖို့အတွက်လည်း အမြဲမပြတ် စဉ်းစားလုပ်ဆောင်နေကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။၃       နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုတာ အခက် ခဲဆုံး၊ အကြမ်းတမ်းဆုံး အခြေအနေမှာ လမ်းဖောက်ရတာဖြစ်လို့ ချောမွေ့မှုတော့ ရှိမှာမဟုတ်တာ ကို နားလည်လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အစိုးရ တာဝန်ရှိသူများ အချင်းချင်းအကြားမှာ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့သာ ဆောင်ရွက် သွားမယ်ဆိုရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကောင်းမွန်တဲ့ ရလဒ်များကို ဖော်ဆောင် နိုင်မှာ ဖြစ်ကြောင်း အားပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

(၇၅) နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်း - ဒေါက်တာလျန်မှုန်းဆာခေါင်း

(၇၅) နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်း - ဒေါက်တာလျန်မှုန်းဆာခေါင်း

လေးစားအပ်တဲ့ နိုင်ငံတော် ယာယီသမ္မတကြီး-       ပြည်ထောင်စုဝန်ကြီးချုပ်-       ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ-       အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ-       တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ-       ပြည်နယ်ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီဝင်များ-       ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ-       လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ-       အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများခင်ဗျားအခုလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ- အမျိုးသား ညီညွတ်ရေးအစိုးရတို့က ပူးတွဲကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုယ်စား အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်။            ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှာ မြန်မာပြည် ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးများ အစည်းအဝေးကျင်းပနေတဲ့ အချိန်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ ကြရတာ ဖြစ်ပါတယ်။ အဲဒီ့နံနက်မှာ ကျင်းပခဲ့တဲ့ မြန်မာပြည် ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဝန်ကြီးများအစည်းအဝေး အစီအစဉ်ကို ကျနော်တို့ မသိပါဘူး။ ဘာအကြောင်းတွေ ဆွေးနွေးခဲ့တယ်ဆိုတာလည်း ကျနော်တို့ မသိပါဘူး။ သို့သော် ကျနော် သိခွင့်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့အချိန်ဟာ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးအကြီးဆုံးကာလ ဖြစ်ခဲ့တယ်ဆိုတာကိုပဲ ကျနော်တို့ သိရှိနိုင် ပါတယ်။            တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ဖို့ ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပင်လုံစာချုပ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ ကြိုုးပမ်းနေတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက် ပေးနိုင်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပူတပြင်း ကြိုးပမ်းတဲ့ကာလ ဖြစ်ခဲ့ပါတယ်။            ဒီလို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးက တိုင်းပြုပြည်ပြု လွှတ်တော်အတွက် အလွန်ကြီးမားတဲ့ ပြင်ဆင်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ မေလ (၂၃) ရက်နေ့မှာ စတင် ကျင်းပ ခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ပြင်ဆင်မှု ပဏာမ ညီလာခံပဲဖြစ်ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံကြီး ကို ရန်ကုန်မြို့ရှိ နေသူရိန်ခန်းမကြီးထဲမှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက အဲဒီ့ညီလာခံကြီးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတခုကို တင်သွင်းနိုင်ခဲ့ပါတယ်။            ၁၉၄၇ ဇွန်လ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမ အစည်း အဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရရှိရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ဒီလွှတ်တော်ကြီးမှာ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း တင်ပြခဲ့ ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုလည်း တိုင်းပြု ပြည်ပြုလွှတ်တော်သို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။            ဒါပေမဲ့ ၁၉၄၇ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယ အစည်းအဝေးကို မကျင်းပမီ ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ အဲဒီ့ တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအစည်း အဝေးမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကိစ္စနှင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ်အရေးကို အကျိတ် အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့အစည်းအဝေးမှာ ဖဆပလခေါင်းဆောင်ကြီးများက ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ တိုင်းပြည်ကြီး ဝမ်းနည်းပူဆွေးနေတဲ့ အချိန်မှာ အချင်းချင်း အငြင်းအခုန်မလုပ်ဘဲ လွတ်လပ်ရေး ရရှိဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းသွားရန် လိုအပ်ချက်အရ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ (FACE) ရဲ့ အကြံပေးချက်အတိုင်း ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ရေးဆွဲပြီး လွတ်လပ်ရေး ရရှိပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တဖန် ရေးကြတာပေါ့လို့ ပြောခဲ့ကြတဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်များ က အလျှော့ပေးလိုက်ရတယ်လို့ တောင်ကြီးဦးထွန်းမြင့်က ရေးသားခဲ့ပါတယ်။            ၁၉၄၇ စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် တတိယအစည်းအဝေးမှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့ အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပင်လုံစာချုပ်ကနေ လမ်းလွဲ သွေဖည်သွားရုံတင်မကဘူး၊ ၁၉၄၇ မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မိုးနဲ့ မြေပမာ အများကြီး ကွာခြားသွားခဲ့တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒါတွေ ဒီလိုဖြစ်သွားခဲ့ရသလဲ။ ဘာကြောင့် ဘာတွေမှားခဲ့ တယ်ဆိုတာ ကျနော်တို့ ယနေ့အထိ အချင်းချင်း ငြင်းခုန်နေကြဆဲပဲ ဖြစ်ပါတယ်။ နှုတ်စကားနဲ့ လွှတ်တော် ထဲမှာ ငြင်းခုန်တာ မပြီးခင် စစ်အာဏာသိမ်းမှုနဲ့လည်း ကြုံခဲ့ရပြီ။ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် နဲ့လည်း ကြုံခဲ့ရပါပြီ။            သမိုင်းမှာ ဘယ်လိုအမှားတွေပဲ ရှိပါစေ၊ ဘာတွေ ဘယ်လိုဖြစ်ခဲ့ပါစေ၊ ယနေ့ နွေဦးတော်လှန်ရေး ကနေ စပြီး မှားယွင်းမှု အားလုံးကို ကျနော်တို့ ပြင်ဆင်သွားကြရမယ်။ ပြင်ဆင်မယ်၊ ပြုပြင်မယ်။ သမိုင်းကို အကောင်းဆုံး အသစ် ဖန်တီးကြရမယ်။ ဒါကြောင့် ဒီနှစ် ကျင်းပတဲ့ အာဇာနည်နေ့ဟာ ပိုပြီးတော့ လေးနက် တယ်။ ပိုပြီး ထူးခြားတယ်။ တန်ဖိုးလည်း ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းခံခဲ့ရလို့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အပြီးအစီး မဆောင်ရွက် နိုင်ခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့တတွေ ဆက် လက် ဆောင်ရွက်ခွင့် ရရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။            နွေဦးတော်လှန်ရေးမှာ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ကို အခြေခံပြီး ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို ပြန်လည်ဖော်ထုတ်ပြီး အကောင်အထည် ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လုပ်ကြံခြင်းခံခဲ့ရလို့ သူကိုယ်တိုင် အဆုံးအထိ မတက် ရောက်နိုင်ခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့သော တိုင်းပြုပြည်ပြုညီလာခံကြီးတရပ်ကို ပြန်လည်ခေါ်ယူ ကျင်းပပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို အကောင်းဆုံး ရေးဆွဲ ပြဋ္ဌာန်းဖို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ လမ်းပြမြေပုံအတိုင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။            ဒါတင်မကဘူး၊ CRPH၊ NUG နှင့် NUCC တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေ ပါတယ်။ ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရလို့ သူတို့ကိုယ်တိုင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို သမိုင်းပေး တာဝန် အဖြစ် ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့ ဆက်လက် တာဝန်ယူ ထမ်းဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများကို အမြင့်မြတ်ဆုံးသော နည်းလမ်းဖြင့် အောက်မေ့ သတိရခြင်းဟာ သူတို့ စတင်ဆောင်ရွက်ပြီး ယနေ့ အထိ မပြီးစီးသေးတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို အပြီးအစီး ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြည်ထောင်စုကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော် မှန်းခဲ့တဲ့အတိုင်း စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် အမြန်ဆုံး တည်ဆောက်ကြဖို့ (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ သန္နိဋ္ဌာန်အသစ် ပြုကြရအောင်လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။-       အရေးတော်ပုံ အောင်ရမည်။-       အရေးတော်ပုံ အောင်နေပြီ။ ဒေါက်တာလျန်မှုန်းဆာခေါင်းပြည်ထောင်စုဝန်ကြီးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရနှင့်သဘာပတိအဖွဲ့ဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်း

ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအပေါင်းတို့ခင်ဗျား-ဒီနေ့ဆိုရင် အဓမ္မ စစ်ဝါဒီတွေက နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့တာ (၁) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး အကြမ်းဖက် စစ်ကောင်စီကို လုံးဝ အုပ်ချုပ်ခွင့်မပြု စတမ်းဆိုတဲ့ သံဓိဌာန်နဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူများကို နိုင်ငံတော်အစိုးရအနေနဲ့ အထူးလေးစား ဂုဏ်ပြုပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။          လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့သူတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောရေး စခန်းနဲ့ အကျဥ်းထောင်တွေအတွင်း ကျဆုံးခဲ့တဲ့သူတွေ၊ တော်လှန်ရေး စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူတွေ အားလုံးဟာ ပြည်သူ့ သူရဲကောင်းတွေပါပဲ။ ပြည်သူက အမြဲတမ်း သတိတရရှိနေမှာဖြစ်သလို၊ တချိန်မှာ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ အဓမ္မအာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတအနေနဲ့ ပြည်သူ့သူရဲကောင်းအပေါင်းကို ဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်။      မြန်မာစစ်အာဏာရှင်စနစ် ဘယ်လောက်ဆိုးယုတ်သလဲဆိုတာ မြန်မာပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ကနေ ၂၀၂၁ခုနှစ် အတွင်း လေးကြိမ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ နဲ့ကျန်းမာရေး အဆင့်အတန်း အဖက်ဖက်က နိမ့်ကျပြီး ကမ္ဘာ့ အဆင်းရဲဆုံး (LDC) နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာ ညိုးငယ်ကျဆင်းခဲ့ရတယ်။ မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပြဿနာဟာ ဘာလဲ၊စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက် ခြင်း မပြုနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကျင့်သုံးဖို့ ငြင်းပယ်ခဲ့ကြတယ်။ ဒီမိုကရေစီကို ငြင်းပယ်ခြင်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးများ ဆိတ်သုဥ်းခဲ့ရတယ်။ ဖက်ဒရယ်ကို ငြင်းပယ်ခြင်းကြောင့် တိုင်းရင်းသားများ လိုလားတဲ့ တန်းတူရေး နဲ့ တရားမျှတမှု အခွင့်အလမ်းများ ဆိတ်သုဥ်းခဲ့ရတယ်။ စစ်အုပ်စုနားလည်တာက နိုင်ငံရေးမှာ စစ်တပ်က အစဥ်အဆက် ဗိုလ်ကျစိုးမိုးရေးနဲ့ လူမျိုးကြီးဝါဒပဲ ဖြစ်တယ်။ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လွမ်းမိုးထားပြီးတဲ့နောက် စစ်တပ်ဟာ သီးသန့် လူတန်းစားတစ်ခုဖြစ်လာ တယ်။ စစ်ခေါင်းဆောင်တွေဟာ အခွင့်ထူးခံ အုပ်စုတစ်ခု ဖြစ်လာတယ်။ သူတို့ ကြံစည်လုပ်ဆောင် သမျှ စစ်အုပ်စုဗဟိုပြုရေး ဖြစ်လာတယ်။ စစ်တပ်အကျိုးစီးပွါး အဓိက ဝါဒ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။          သူတို့ဝါဒက ပြည်သူဟာ စစ်တပ်ကို အစဥ်အမြဲ ကျိုးနွံနေရမယ်၊ ပြည်သူဟာ စစ်တပ်ပြု သမျှ နုရမယ် ဆိုတဲ့ ဝါဒပဲ။ တစ်နည်းအားဖြင့် စစ်တပ်က ပြည်သူကို ကျွန်ဇာတ်သွင်းတဲ့ ဝါဒပဲ၊ စစ်ကျွန်ဘဝမှာ တိုင်းရင်သားပြည်သူတစ်ရပ်လုံး လူ့ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးခဲ့ကြရတယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးဖို့ ငြင်းပယ်ခြင်းအားဖြင့် ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့တယ်။ အနှစ်(၇၀) ကျော် ပြည်တွင်းစစ်သည်ပင်လျှင် စစ်အုပ်စုရဲ့ အကျိုးစီးပွါး ဖြစ်လာ တယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အချာအာဏာ မဆုံးရှုံး ရေး ကြွေးကြော်သံများနဲ့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာလည်း ဖြစ်တယ်။          မြန်မာနိုင်ငံမှာ စစ်တပ်က ဗိုလ်ကျစိုးမိုးနေသမျှ၊ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ခြုံကြည့်ရင် မြန်မာ့နိုင်ငံရေးပြဿနာအားလုံးရဲ့ အဓိကအကြောင်း၊ အဓိက လက်သည်တရားခံဟာ စစ်အုပ်စုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှား တွေ့မြင် နိုင်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကား ပြီး လူမှုစီးပွါး ဖွံဖြိုးတိုးတက်တဲ့ ကမ္ဘာ့အဆင့်မှီနိုင်ငံသစ်ကို ထူထောင်လိုတယ်ဆိုရင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် တွန်းလှန် ဖယ်ရှားပစ်ဖို့ကလွဲလို့ တခြားဖြေရှင်းနည်းမရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။          ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကတော့ သမိုင်းတစ်လျောက် အဆိုးယုတ်ဆုံး စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရဆီက အဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဟာ နိုင်ငံတော်ပုန်ကန်မှု ကျုးလွန်ခဲ့ခြင်းဖြစ်သလို၊ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ လူငယ်တွေ၊ ပြည်သူတွေကို လူမဆန်တဲ့နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ် နေခြင်းဟာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်း ဖြစ်ပါတယ်။ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ဆက်စပ်ပြီး ပြည်သူ ၁၅၀၀ ခန့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁သောင်းနှစ်ထောင်ခန့်   ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရင်ဆိုင် နိုင်ခြင်းမရှိတဲ့အခါ အရပ်သား ကျေးရွာပေါင်းများစွာနှင့် ချင်းပြည်နယ် ထန်တလန်မြို့နှင့် ကရင်နီပြည်နယ်မှ မြို့အချို့ကို မီးရှို့ဖျက်ဆီးပြီး၊ စစ်နဲ့ မသက်ဆိုင်တဲ့ ပြည်သူ ၁၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်။ ဒီသတ်ဖြတ်မှုတွေထဲမှာ ဒီဇင်ဘာလ (၇)ရက်က ဆားလင်းကြီး မြို့နယ်၊ ဒုံးတောရွာဖြစ်စဥ်မှာ ပြည်သူ(၁၁)ဦး၊ ခရစ္စမတ်ရက်က ကရင်နီ ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ရွာဖြစ်စဥ်မှာ ပြည်သူ ၃၅ ဦးကျော် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ ပါဝင်ခဲ့ပါတယ်။           စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို တစ်နှစ်လုံးလုံး ကြံ့ကြံ့ခံခဲ့ပြီး ဇွဲမလျော့စတမ်း ခုခံတွန်းလှန်နေခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိကတော့ ကမ္ဘာကပင် လေးစား အသိအမှတ် ပြုခဲ့ရပြီဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဘဲ လိုအပ်တဲ့ ပိတ်ဆို့အရေးယူမှုများပြုလုပ်ဖို့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုကပဲ အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။          အခုဆိုရင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိနေခြင်းဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ အောင်ပွဲဖြစ်ပါ တယ်။ CRPH, NUCCနဲ့ NUG တို့အပေါ် တရားဝင် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေအဖြစ် နိုင်ငံတကာရဲ့ နားလည်မှု၊ အသိအမှတ်ပြုမှုများ တိုးတက်ရရှိနေသလို ဒီအဖွဲ့အစည်းသုံးခုကို ပြည်သူ့တော်လှန်ရေးရဲ့ ပဲ့ကိုင်အဖွဲ့အစည်းများဖြစ်ဖို့ မြန်မာပြည်သူတွေ မျှော်လင့်ချက်ထားရှိကြ တယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်း နားလည်ပါတယ်။ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုုးစားအားထုတ်သွားပါ့မယ်ဆိုတဲ့ အကြောင်းလည်း ဒီနေ့ ဒီရက်မှာ ကတိပြုလိုပါတယ်။        စစ်အာဏာရှင် အတွေးအခေါ် ကြီးစိုးပြီး ပြည်သူကို ရန်ပြု အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပေါ် ယုံကြည်သက်ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်မှု တစ်နှစ်တာကာလအတွင်း “ပြည်သူ့ကာကွယ်ရေး တပ်မတော်” PDFကို ဖွဲ့စည်းထူထောင်နိုင်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) များနဲ့ လက်တွဲပြီး စုဖွဲ့မှု၊ ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်မှု၊ စစ်မဟာဗျူဟာ ညှိနှိုင်းရေးဆွဲမှုနဲ့ စုပေါင်းအကောင်အထည်ဖော်မှုများ တိုးတက်အားကောင်းလာပြီဖြစ်တဲ့အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ အနာဂတ်တပ်မတော်သစ် ထူထောင်ဖို့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ကြိုဆိုနေမြဲဖြစ်ပါတယ်။ တိုင်းပြည်ကိုချစ်သော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများနှင့် အမြန်ဆုံးပူးပေါင်းလာကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် မှတ်တမ်းများအရ စက်တင်ဘာ (၇) ရက်နေ့မှ ဇန်နဝါရီ (၆) ရက်၊ ၄ လတာ အတွင်း အကြမ်းဖက်စစ်ကောင်စီအင်အား (၇၀၁၆) ဦး ထိခိုက်ကျဆုံး ပြုန်းတီးစေခဲ့တာ ဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ အရေးကြီးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ PDF နဲ့ မဟာမိတ် EAOs များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် ရှေ့ပြေး စီမံဆောင်ရွက်မှုများ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။          အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နိုင်ပြီးဖြစ်တဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာတည်ဆောက်မှုကိုလည်း ဆက်တိုက် အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်နဲ့တွဲပြီး ကြားကာလ ပြည်သူ့တရားစီရင်ရေး မဏ္ဍိုင် ထူထောင်ဖို့လည်း တစ်ပြိုင်တည်း စီမံဆောင်ရွက်နေပြီဆိုတာ အသိပေးလိုပါတယ်။          အခုအချိန်အထိ စစ်အုပ်စု လက်အောက်ခံ ဖြစ်နေသေးတဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ပတ်သက်ရင် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မဖြစ်လိုရင် ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းဖို့ လိုပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ တာဝန်ရှိတဲ့သူတွေကတော့ နိုင်ငံတကာတရားစီရင်ရေးစနစ်အရကော၊ ပြည်တွင်းတရားစီရင်ရေးစနစ်အရပါ အရေးယူအပြစ် ပေးခံရလိမ့်မယ်ဆိုတာ သတိပေးလိုပါတယ်။           ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် ဖယ်ရှားပစ်ဖို့ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါ တယ်။ စစ်အာရှင်စနစ်ဖယ်ရှားပြီးတဲ့အခါ ဘယ်လိုအနာဂတ်မျိုးကို ကျွန်တော်တို့ မျှော်မှန်းပါသလဲ၊ တိုင်းသူပြည်သားအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ နိုင်ငံတော်၊ တိုင်းရင်းသား အားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်အခွင့်အရေးများ အပြည့်အဝ ရရှိတဲ့ ပြည်ထောင်စု၊ ခွဲခြားမှုကင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားတာ ဖြစ်တဲ့အတွက် မွန်မြတ်သန့်စင်တဲ့ တော်လှန်ရေး ဖြစ်တယ် လို့ဆိုချင်ပါတယ်။ အခုဆိုရင် အနာဂတ် မြန်မာနိုင်ငံတော်သစ် (New Myanmar) ရဲ့ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနဲ့အတူ ကျွန်တော်တို့ မျက်မှောက်ပြုနိုင်ပြီ ဖြစ်ပါတယ်။          ဒီတော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ပြည်သူတစ်ယောက်စီတိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအမြတ်ပြုပါတယ်။ ဒီတော်လှန်ရေးဟာ ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးလည်းဖြစ်တဲ့ အတွက် Generation – Z လူငယ်တွေ၊ PDF ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ၊ သပိတ်အင်အားစု တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EAOs)တွေ တက်ညီလက်ညီ လက်တွဲဆင်နွှဲကြမယ်ဆိုရင် အပြီးသတ် ပြည်သူ့အောင်ပွဲ အရယူဖို့ အချိန်များစွာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။ တို့ပြည်သူ များ ရည်မျှော်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်သစ် (New Myanmar)ကို ပုံဖော်ထုဆစ်မယ်သူ ဟာလည်း မြန်မာပြည်သူများ ကိုယ်တိုင် ဖြစ်ပါတယ်။ မကြာသောကာလမှာ တိုင်းရင်းသားပြည်သူတွေရဲ့ ညီညွတ်မှု စွမ်းပကားကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။          ယဥ်ကျေးတဲ့ ကမ္ဘာကြီးအနေနဲ့လည်း မြန်မာပြည်က အရိုင်းအစိုင်းတွေကို ဖယ်ရှားပစ်ဖို့ အရေးမှာ မြန်မာပြည်သူတွေနဲ့အတူတကွ ဆက်လက်ရပ်တည်ပေးကြပါ။ တော်လှန်ရေးအင်အားစု တွေအနေနဲ့ အဖက်ဖက်က ပြိုဆင်းနေပြီဖြစ်တဲ့ စစ်အုပ်စုကို အနားမပေးစတမ်း ဆက်လက်တိုက်ပွဲ ဝင်ကြပါ။ တိုင်းရင်းသားပြည်သူများအနေနဲ့လည်း မြန်မာနိုင်ငံတော်သစ် (New Myanmar) တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်မှာ နိုင်ရာကဏ္ဍက ဆက်လက်ထောက်ခံပါဝင်ပေးကြ ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။ဒူဝါလရှီးလ ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့

ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားသည့်အဖွင့်အမှာစကား

ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားသည့်အဖွင့်အမှာစကား

လေးစားအပ်တဲ့ပြည်သူ့ညီလာခံသဘာပတိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီဝင်များ၊  ပြည်သူ့ညီလာခံကိုယ်စားလှယ်တော်များ၊ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနှင့် လေ့လာသူများအားလုံး မဂ်လာပါလို့ ရှေးဦးစွာ နုတ်ခွန်းဆက်သအပ်ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်သူ့ညီလာခံဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အလွန် ထူးခြားလေးနက်ပြီး အရေးကြီးတဲ့ညီလာခံတစ်ရပ်ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချပြီး ပြည်သူ့ဘဝလွတ် မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေး ပြည်သူ့ အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီများ လက်တွဲချိတ်ဆက်ပြီး ယခုလို ကျင်းပနိုင်ခြင်းအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖော်ပြလိုပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလဖြစ်သော်လည်း တက်ရောက်ပါဝင်သင့် ပါဝင်လိုကြတဲ့အဖွဲ့အစည်း တွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ များစွာကျန်ရှိနေအုန်းမှာဖြစ်ပေမယ့်၊ တတ်နိုင်သမျှ ပါဝင်သင့် ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပါဝင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးခြင်း အတွက်လည်း မိမိအနေဖြင့် ဂုဏ်ပြုပါကြောင်းအလေးအနက်ဖော်ပြလိုပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ဆန္ဒသဘောထားနှင့် ဒီမိုကရေစီနည်းကျရွေးချယ်မှုကို ဆန့်ကျင်ပြီး၊ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ထပ်မံလုယူသိမ်းပိုက်လိုက် ပြန်ပါတယ်။ ဒီလိုပြုမူဆောင်ရွက်လိုက်ခြင်းဟာ စတင်ဖြစ်တည်ထွန်းသစ်စ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အပြင် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းနှင့်မြော်လင့်ချက်များကို ရိုက်ချိုး ဖျက်ဆီးပစ်ရာရောက်စေခဲ့ပါတယ်။ ထို့အတူ စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ ပြန်လည်အားကောင်းပြီး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊  ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို လျစ်လျူရှု မျက်ကွယ်ပြုတဲ့စနစ်ဆိုးကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။တပ်မတော်ရဲ့ တရားမဲ့ပြုမူဆောင်ရွက်မှုကို လက်မခံငြင်းဆန်ကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ နိုင်ငံတဝှမ်းလုံးမှာ လမ်းပေါ်ကိုထွက်၊ ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲမှာသာမက ကမ္ဘာအရပ်ရပ်မှာပါ တပ်မတော်က အာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လမ်းပေါ်ကိုထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသူအရေအတွက်ဟာ ရာဂဏန်း၊ ထောင်ဂဏန်း မဟုတ်ပါဘူး။ နေ့စဥ် သောင်းဂဏန်း၊ သိန်းဂဏန်းနှင့် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် Generation Z လို့ခေါ်တဲ့လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်ခဲ့ကြပါတယ်။ “စစ်တပ်ကအာဏာသိမ်းခြင်း အလိုမရှိ”၊ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်”၊ “လူငယ်တွေမှာ အနာဂတ်ရှိတယ်” အစရှိသည်ဖြင့် ရဲရင့်ပြတ်သားတဲ့ကြွေးကြော်မှုများနှင့် မျိုးဆက်သစ်လူငယ်များအပါအဝင်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့သက်သေဟာ မြန်မာနိုင်ငံ အတွင်းမှာသာမက ကမ္ဘာ့အလယ်မှာပါ ထင်ရှားကျော်ကြားခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကတော့ ယဥ်ကျေးတဲ့ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို လျစ်လျုရှုပြီး၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးစုံနှင့် လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - လာမယ့်ရက်အနည်းငယ်အတွင်း စစ်အာဏာသိမ်းမှုကာလ (၁၂) လပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ဒီ (၁၂) လတာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်ကြတဲ့ လူငယ်တွေနှင့် ပြည်သူတွေကို သာလွန်အင်အားတွေနဲ့ အကြမ်းဖက်နှိမ်နင်းပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားသွားစေဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် လူငယ်တွေနှင့်ပြည်သူတွေရဲ့တရားမျှတမှုကို ချစ်မြတ်နိုး တဲ့စိတ်၊ လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လွတ်မြောက်လိုစိတ်တို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှုတို့ကို ဘယ်လိုမှ နှိပ်ကွပ်ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ယခုအခါ စစ်ကောင်စီအနေနဲ့ မျက်ဝါးထင်ထင် သိမြင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။   စစ်ကောင်စီအနေနဲ့ ယခုအချိန်အထိ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ လိုလားမှုကို မသိကျိုးကျွံပြုလျစ်လျုရှုနေဆဲ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့လက်ထဲမှာရှိနေတဲ့ အချုပ်အခြာအာဏာကို မဆီမဆိုင်လုယူထားပြီး၊ သူတို့ကပဲ နိုင်ငံနှင့်ပြည်သူတွေရဲ့ကောင်းကျိုးအတွက် စေတနာစိတ်နှင့် အလုပ်လုပ်နေသလိုလို အသံကောင်း ဟစ်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ သူတို့ကို လက်မခံ၊ အသိအမှတ်မပြုနေတော့ တာကို သိပင်သိငြားသော်လည်း၊ ပုလင်းတူဗူးဆို့နိုင်ငံအချို့ရဲ့ အကူအညီနှင့် ပြည်သူတွေကို ရက်စက်စွာပြုမူဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာဟာ သူတို့ကိုယ်သူတို့သာမက၊ နိုင်ငံနှင့်ပြည်သူ တွေကိုပါ အဆိုးဆုံးအခြေအနေသို့တွန်းပို့နေတယ်ဆိုတာ အတိအလင်းပြောကြားလိုပါတယ်။စစ်ကောင်စီအနေနဲ့ ပြည်နယ်၊ ပြည်မနေရာဒေသအသီးသီးမှာ သာလွန်အင်အားတွေနဲ့ ပြည်သူတွေကိုထိုးစစ် ဆင်တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် မတရားဖမ်းဆီးအကျဥ်းချထားတဲ့ ပြည်သူတစ်သောင်းကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးဖို့လိုပါတယ်။ မိမိတို့နှင့်အလျဥ်းသက်ဆိုင်ခြင်း မရှိတဲ့ နိုင်ငံတော်အာဏာကို ချက်ချင်းစွန့်လွှတ်ပြီး အချုပ် အခြာအာဏာရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့ပြည်သူထံ အမြန်ဆုံး ပြန်လည် လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖြိုချမှုကို ဆက်လက်ရင်ဆိုင်နေရမှာဖြစ်ကြောင်း သတိပေးလိုပါတယ်။လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ လူတစ်ဖွဲ့၊ လူတစ်စုရဲ့ အကျိုးစီးပွားကိုရယူ ဖို့ဆင်နွဲနေတဲ့တော်လှန်ရေး မဟုတ်ပါဘူး။ လူတစ်စု၊ လူတစ်ဖွဲ့က စေခိုင်းကြီးကြပ်တဲ့တော်လှန်ရေးလည်း မဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင် ဦးဆောင် ပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ “ဓမ္မ” ကို ချစ်မြတ်နိုးပြီး “အဓမ္မ” ကိုငြင်းပယ်တဲ့ ပြည်သူတွေရဲ့ ရင်ထဲ အသည်းထဲကနေ ထွက်ပေါ်လာတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ပြည်သူတွေဆင်နွဲနေတဲ့တော်လှန်ရေးဟာ မုချမသွေအောင်မြင်မှာဖြစ်ပါတယ်။လူ့ကျင့်ဝတ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရတာဖြစ်လို့ ခက်ခဲကြမ်း တမ်းမှုများ၊ ကြေမွထိခိုက်ရမှုများ၊ စိတ်မသာညီးတွားရမှုများ မလွဲမသွေရှိနေမှာပဲဖြစ်ပါတယ်။ သို့သော်လည်း စနစ်ဆိုးကို ခြေမွပြီး၊ စနစ်သစ်တစ်ခုကို တည်ဆောက်ကြရတာဖြစ်လို့ နာကျင်ရပေမယ့် ပန်းတိုင်ရောက်တဲ့ တစ်နေ့ မိမိတို့အားလုံး “သားဖွားတဲ့မိခင်ရဲ့ ပီတိ” လိုမျိုး ဂုဏ်ယူကျေနပ်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ၊ ခက်ခဲကြမ်းတမ်းစွာ ခုခံတော်လှန်မှုပြုနေကြတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုများအနေ ဖြင့် “အဆိုးအားဖြင့် အရှုံးဘက်ကို မယိမ်းယိုင်သွားစေဘဲ၊ အကောင်းအားဖြင့် အဆိုးအညစ်များကို အနိုင်ယူဖို့” မိမိအနေနဲ့ ကြုံကြိုက်တုန်း တိုက်တွန်းနိုးဆော်လိုပါတယ်။တစ်ဆက်တည်းမှာပဲ နွေဦးတော်လှန်ရေးကာလ ယနေ့အထိ မဆုတ်မနစ်သော စိတ်ပိုင်းဖြတ်ကြံ့ခိုင်မှုများဖြင့် အကြံကောင်းဉာဏ်ကောင်းများသာမက၊ ငွေကြေးမှအစ အဘက်ဘက်မှ မနားမနေ ပံ့ပိုးကူညီတာဝန်ယူပေး ကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာပြည်သူပြည်သားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလို ပါတယ်။ (၁၂) တာကာလအတွင်း ပြည်သူတွေရရှိတဲ့အောင်မြင်မှုများဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူ ပြည်သားများနှင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေကိုချစ်ခင်တန်ဖိုးထားကြတဲ့ မိတ်ဆွေများရဲ့ကရုပြုမှုနှင့် အတူတကွရပ်တည်ပေးမှုများကြောင့်လည်း ဖြစ်ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံရဲ့အတိတ်နိုင်ငံရေးသမိုင်းအတွေ့ အကြုံနှင့်သင်ခန်းစာများအပေါ်အခြေခံပြီး၊ တိုင်းရင်းသားလူမျိုးများအားလုံးမြော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုတည်ထောင်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုး များအနေနဲ့ မိမိတို့ရဲ့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တဲ့ပုံစံနှင့်သဏ္ဍာန်ထဲကနေ ကိုယ်ပိုင်ပြဌာန်းနိုင်ခြင်း အပြည့် အဝရှိပြီး၊ လူမျိုးတစ်ခုခု၊ အစုအဖွဲ့တစ်ခုခုရဲ့ ထိန်းချုပ်မှုကင်းလွတ်ခြင်းရှိတဲ့ လွတ်လပ်မှု၊ တန်းတူမျှတမှု၊ ကြီးနိုင် ငယ်ညှင်းကင်းရှင်းမှုတို့နှင့်ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ “ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်”ရေးဆွဲခြင်းလုပ်ငန်းစဉ်အပါအဝင် ပြည်သူ့ဘက်တော်သားတော်လှန်ရေးအင်အားစုတွေ ကြားမှာ အလွန်အရေးကြီးတဲ့နိုင်ငံရေးအရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေရှိနေပါတယ်။ ယခုပြုလုပ်မယ့် ပြည်သူ့ညီလာခံမှာ ပြန်လည်ညှိနှိုင်းပြုပြင်ထားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်” အတည်ပြုခြင်းအပါအဝင် နွေဦးတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် အချက်အခြာကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ကြပါလိမ့်မယ်။ တစ်ဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့ ရက်တစ်ရက်တိုးလေလေ၊ ပြည်သူတွေခံရတဲ့ ဒုက္ခဆင်းရဲကြပ် တည်းမှုတွေကလည်း တစ်ရက်ပိုလေလေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအမြန်ဆုံးလွတ်မြောက်လုံခြုံဖို့ အတွက် စစ်အာဏာသိမ်းမှုကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့ “ပြည်သူ့ဒုက္ခ အမြန်ဆုံးလွန်မြောက်နိုင်ရေး” ကိုမျက်ခြေ မပြတ် ရှေးရှူဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - ယနေ့မှစတင်ပြီး ကျင်းပပြုလုပ်သွားမယ့် “ပြည်သူ့ညီလာခံကြီး” ရည်မှန်းချက်အတိုင်း အောင်မြင်စွာကျင်းပနိုင် ပါစေ။ ပါဝင်တက်ရောက်ကြသူကိုယ်စားလှယ်များ၊ စိတ်အားထက်သန်မှုများစွာဖြင့် လေ့လာသူများ၊ ညီလာခံ ကျင်းပရေးတာဝန်ရှိသူများ၊ အလုပ်အဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာ ရှိကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံ သားအပေါင်း ဘေးလွတ်လုံခြုံ၍ တရားမျှတမှုနှင့် လွတ်လပ်ခြင်းများ အမြန်ဆုံးရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လေးစားစွာ နိဂုံးချုပ်အပ်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်