အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂/၂၀၂၅) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်
ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်
ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာဒေသအနှံ့က သူတို့ရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖို့အတွက် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်။ ပေါ်တာဆွဲတာတွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံကနေ ငွေညှစ်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ကြားသိရပါတယ်။ ပြည်သူတွေလည်း နည်းလမ်းပေါင်း စုံနဲ့ စိတ်ဒုက္ခ အတော်ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က အလုပ်တွေပိုလုပ်ပြီး ပိုမို အားစိုက်ကြဖို့ လိုတယ်ဆိုတာ ကျွန်တော်အမြဲ သတိပေး ပြောကြားနေရတာ ဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်းမို့ တချို့ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေက အခြေအနေပေါ်မူတည်ပြီး အများကြီးဆောင်ရွက်လို့ မရနေတာလည်းရှိနိုင်သလို တချို့ဝန်ကြီးဌာန တွေ ကျတော့လည်း အတော်လေး အလုပ်များဝန်ပိနေတာမျိုးလည်း ရှိတာမို့ တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ဖို့ဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ဒီအတွက် ဝန်ကြီးတွေ အားလုံးလည်း ဖြစ်နိုင်ချေရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက်လျှောက် တိုင်ပင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေပဲ ကြိုးပမ်းရမှာ ဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲ ဘယ်ကဏ္ဍကို ဦးစားပေး ဖြေရှင်းကြမလဲဆိုတာကို တော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်း ကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားရင်း နိဂုံးချုပ် ပါတယ်။