ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၅) ရက်

ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရလို့ အထူး ဝမ်းသာ ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ဦးဆောင်ကျင်းပတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ပဏာမအားဖြင့် ပြောချင်ပါတယ်။

ဒီမိုကရေစီလို့ ပြောရင် အနှစ်သာရအားဖြင့် အမြောက်အမြားရှိတာ တွေ့ရပါတယ်။ ဒီနေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အများအပြားရှိတဲ့အထဲက အခြေခံကျတဲ့ အချက် (၃) ချက်ကို ကောက်နုတ် ပြောချင်ပါတယ်။ အဲဒီ့အချက် (၃) ချက်ကတော့ “တန်းတူညီမျှခြင်း” “လွတ်လပ်ခွင့်” နဲ့ “တရားဥပဒေစိုးမိုးမှု” ဆိုတဲ့ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီကို မြည်းစမ်းခွင့်သာ ရပြီး ဒီမိုကရေစီရဲ့ အရသာကို အချိန်ကြာကြာ စားသုံးခွင့် မရခဲ့ကြပါဘူး။ အခုလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်း သန္ဓေတည်နေတဲ့ကာလမှာပဲ နောက်ကြောင်းပြန်မှု ဖြစ်ခဲ့ပါတယ်။ ဒါကို အခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုရဲ့ သဘောထားနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည် တွန်းတင်နေကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း အလျင်အမြန် ပြန်ရောက်ဖို့ လိုပါတယ်။

ဒီတစ်ခါ နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ လူထုဒီမိုကရေစီကြိုးပမ်းမှုကြီးကတော့ ဒီမိုကရေစီသက်သက် မဟုတ်တော့ပါဘူး။ ဖက်ဒရယ်စနစ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ လူထုကြွေးကြော်သံဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “တန်းတူညီမျှမှု” ကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ identity လို့ ခေါ်တဲ့ အမှတ်သရုပ်အရ တန်းတူညီမျှတာနဲ့ အာဏာခွဲဝေမှုအရ တန်းတူညီမျှတာတွေဟာ ဖက်ဒရယ်စနစ်ထဲမှာ အကြုံးဝင်တယ်လို့ ယူဆပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အခြေခံနှုန်းစံတွေကလည်း ဖက်ဒရယ်စနစ်မှာ ပါဝင်နေပါတယ်။ လွတ်လပ်စွာ စီရင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ အာဏာအရ တန်းတူညီမျှခွင့်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီမိုကရေစီဟာ လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံထားချက်ဖြစ်ပြီး ဖက်ဒရယ်ကတော့ လူမျိုးစုပြဋ္ဌာန်းခွင့်ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။

ဒီမိုကရေစီမှာ လူထုတန်းတူညီမျှခွင့်ကို ဇောင်းပေးပြောတာတွေ့ရပြီး ဖက်ဒရယ်မှာတော့ လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုကို အခြေခံပြီး ပြောတာတွေ့ရပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ အခြေခံ မိတ်ဖက်တွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ဟာ မွေးရာပါ မိတ်ဖက်တွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ဒီနေ့ အခမ်းအနားကို တက်ရောက်လာသူ အားလုံးကလည်း ဒီအခြေခံအချက်ကို သတိတရ ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ် ပြောကြားချင်တာကတော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး အထူးပြု ပြောချင်ပါတယ်။ ဒီမိုကရေစီမှာ လူထုလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခြေခံ အချက်ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အခု အချိန်မှာ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပါတယ်။ လူထုဟာ မိုးထဲ ရေထဲမှာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နေကြရပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံနေကြရပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက် ပျက်သုဉ်းလိုက်တာနဲ့ ပြည်သူလူထုဟာ တရားသောဥပဒေတွေရဲ့ ကာကွယ်ပေးမှုကို မခံရတော့ပါဘူး။ ဒါကို သေချာ နားလည်ပြီး ကျွန်တော်တို့ဟာ တရားသော ဥပဒေတွေနဲ့ ထိန်းကျောင်းသော လူမှုအဆောက်အအုံကို တည်ဆောက်ဖို့ လိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ လွှတ်တော် institution တစ်ခုဖြစ်တာကြောင့် တရားသောဥပဒေတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ အုတ်မြစ်ချနိုင်ရေးအတွက် အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆပါတယ်။

ဒါပေမယ့် ဒါဟာ အတူတကွ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရမယ့်ကိစ္စဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရတွေကို ဘက်ပေါင်းစုံကနေ မြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ မွေးရာပါ မိတ်ဖက်ဖြစ်တဲ့ ဖက်ဒရယ်နှုန်းစံတွေကိုလည်း ကျွန်တော်တို့ လူထုကြားထဲ သယ်ဆောင်လာကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ ယခုအချိန်မှာ နိုင်ငံသစ်နဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နေကြခြင်း ဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အဟောင်းကို ဖြိုတဲ့ လုပ်ငန်းစဉ်တွေ ရှိသလို၊ အသစ်ကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ အသစ်ကို တည်ဆောက်ရာမှာ / ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေဖြစ်တဲ့ တန်းတူညီမျှရေး၊ / လွတ်လပ်ခွင့်နဲ့ / တရားသော ဥပဒေမူဘောင်များ အုတ်မြစ်တည်နိုင်ရေးကို/ အမြော်အမြင်ရှိရှိ / သဘောထားကြီးကြီးနဲ့ တည်ဆောက်ကြဖို့ / တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။