ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

လေးစားချစ်ခင်ရပါသော တိုင်းသူပြည်သားများခင်ဗျား

နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ (၂) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ နိုင်ငံရေး၊ စစ်ရေး၊ ပြည်သူပါဝင်ရေး စတဲ့  ကဏ္ဍ အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေပြီဆိုတာလည်း တိုင်းသူပြည်သားအားလုံးကို အသိပေးချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်က လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သတ်ဖြတ်မှု များကြောင့် ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်တဲ့အဆင့်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ ကိုယ့်ဒေသ ကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ် တူမီးသေနတ်များဖြင့် စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ မဟာဗျူဟာ ကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန် တိုက်ခိုက်လာ နိုင်ပြီဖြစ်ပါတယ်။ 

ထို့အတူ Generation – Z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းသစ်တီထွင်မှုများကြောင့် နည်းပညာမြင့် ဒရုန်းများကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်နေပြီဖြစ်ပါတယ်။ 

စစ်ဒေသ (၃) ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း (၃၀၀) ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူလက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ မိမိတို့ စိုးမိုးနယ်မြေတွေ မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကိုလည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။ 

တဘက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်းတခု ဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစထက်တစ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပါတယ်။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာ အဘက်ဘက်က ပြိုလဲကျရှုံးနေပြီဆိုတာ အားလုံးမြင်တွေ့မှာ ဖြစ်ပါတယ်။ 

တိုင်းသူပြည်သားများခင်ဗျား

ဒီအောင်မြင်မှုတွေဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို အခြေတည်ပြီး ကျွန်တော်တို့ ပြည်သူလူထုရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ အနစ်နာခံမှု၊ မဟာမိတ် တိုင်းရင်းသားအင်အားစုများရဲ့ လက်တွဲပူးပေါင်းပါဝင်မှု၊ ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များရဲ့ ရဲဝံ့စွာ စွန့်လွှတ်အနစ်နာခံမှု၊ နွေဦးတော်လှန်ရေးမှာ ကျရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့  ကြိုးစားအားထုတ်မှု တွေကြောင့် ဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ် ၂ နှစ်တာကာလအတွင်း ဂုဏ်ရောင် ပြောင်မြောက်စွာ အသက်ပေး စွန့်လွှတ်ခဲ့ ကြသူများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ထားကြသူများ၊ စစ်အုပ်စုရဲ့ အကျဥ်းထောင်အသီးသီးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေကြသူများ၊ စစ်ကောင်စီကို ဆန့်ကျင် အာဏာဖီဆန်ခဲ့သော CDM ဝန်ထမ်းများ အစရှိတဲ့ သူရဲကောင်းများကိုလည်း ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဥ်မှာ အမြဲအမှတ်ရ ဂုဏ်ပြု ဦးညွှတ်နေမှာဖြစ်ပါတယ်။ 

ရန်ပုံငွေရှာဖွေမှု၊ ဘဏ္ဍာငွေ စနစ်တကျ သုံးစွဲနိုင်မှုတွေကလည်း တော်လှန်ရေးရဲ့ အရေးပါတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂိုလ်အသီးသီးနဲ့ ရန်ပုံငွေ ထည့်ဝင်ပေးနေကြသူတွေ အားလုံးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒီ့အတွက်လည်း အထူးကျေးဇူးတင်ပြီး အလေးအနက်ထား မှတ်တမ်းတင်ရပါကြောင်းပြောလိုပါတယ်။ 

ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်တွင်းမှာ အရှိန်အဟုန်မြင့်နေသလိုပဲ ပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာလည်း အရေးပါတဲ့ တရားဝင်မှုတွေကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အသံကို ဆက်လက် ထုတ်ဖော် ပြောကြားလျက်ရှိပါတယ်။  အကြမ်းဖက် စစ်ကောင်စီ ကို အာဆီယံနဲ့  နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဘဲ ဆက်လက် ဖယ်ကျဉ်ထားဆဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အရှေ့တီမောနိုင်ငံရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်က လည်း  မြန်မာလူထုအနေဖြင့် သမိုင်းမှတ်တမ်းတင်ထားရမယ့် ရပ်တည်ချက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အင်အားစုများနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကြားမှာ စစ်ရေး နိုင်ငံရေးအရ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှု၊ ဘဏ္ဏာငွေ မျှဝေသုံးစွဲမှု စသဖြင့် စုစည်းညီညွတ်မှု၊ နားလည်ယုံကြည်မှုတွေနဲ့ လက်တွဲဆောင်ရွက်မှုတွေ အရှိန်ရနေပါပြီ။ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုများအကြား အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြေကြေလည်လည် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။

(၁) အမျိုးသားညီညွတ်ရေးအစိုးရအတွင်း တာဝန်ထမ်းဆောင်နေသော တော်လှန်ရေး ရဲဘော်များခင်ဗျား 

ပြည်သူကပေးအပ်ထားတဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနဲ့ ဝန်ထမ်းအဆင့်ဆင့်ကိုလည်း တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့  ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကို ကျွန်တော့်အနေနဲ့ အထူး ကျေးဇူးတင် မှတ်ကျောက်တင်လိုပါတယ်။ အစိုးရဆိုတာ လူထုကို ဝန်ဆောင်မှု ပေးရတာဖြစ်တဲ့အတွက် လူထုကို အလေးထား မျက်နှာမူပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ပိုပြီး စနစ်တကျရှိဖို့ အရေးကြီးပါတယ်။ 

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တရားရေးကဏ္ဍပိုင်းမှာ တာဝန်ယူ လုပ်ဆောင်နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကို အနီးကပ်ဆုံး နားထောင်ကြပါ။ 

ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိ၊ ဝန်လေးစေမယ့် လုပ်ရပ်တွေကို မလုပ်မိ ကြဖို့၊ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များနဲ့ ဒေသကာကွယ်ရေး (LPDF) ရဲဘော်များခင်ဗျား 

စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မည်သည့်အခက်အခဲမျိုးကိုမဆို အံတုပြီး ရှေ့တန်းကနေ မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တို့ရဲ့  စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့မှုတွေကို အထူး ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ တုတ်/ဓား/ တူမီး ရရာလက်နက်ကိုင်စွဲပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အစပြုခဲ့တဲ့ ကျွန်တော်တို့ တော်လှန်ရေးဟာ ၂ နှစ်ကျော်ကာလ အတွင်းမှာ တပ်ရင်းပေါင်းများစွာကို လက်နက်များ တပ်ဆင်လာနိုင်ပါပြီ။ နယ်မြေစိုးမိုးမှု များစွာ ချဲ့ထွင် လာနိုင်ပါပြီ။ ဒီအောင်မြင်မှုတွေဟာ ရဲဘော်တို့ရဲ့  စွမ်းစွမ်းတမံ ဆောင်ရွက်မှုနဲ့ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုတွေကြောင့်ဖြစ်တယ်ဆိုတာ အလေးအနက်ထား ပြောလိုပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့လည်း လက်နက်ခဲယမ်းများ ထပ်မံဖြည့်ဆည်းနိုင်အောင် အမြဲဦးစားပေး ဆောင်ရွက်နေတယ် ဆိုတာ ထပ်မံအသိပေးလိုပါတယ်။ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ဆက်လက် အားဖြည့် ထောက်ပံ့နေမှာ ဖြစ်ပါတယ်။ 

တဆက်တည်းဆိုသလိုပဲ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျွန်တော့်အနေနဲ့ အထူး မေတ္တာရပ်ခံလို တာက ကျွန်တော်တို့ PDF များနဲ့အတူ မဟာမိတ်များက “ထုအင်အား” တည်ဆောက်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှု အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ကြပါ။  စစ်ကောင်စီကို အဆုံးသတ်တိုက်ထုတ်ဖို့ရာ ကျွန်တော်တို့အနေနဲ့ စုစည်းညီညွတ်မှု ရှိဖို့လိုသလို စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် Chain of Command တခုတည်းအောက်မှာ အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်မြေပြင်မှာ စစ်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများ (code of conduct) ကို အမြဲဦးပန်လျက် လိုက်နာစောင့်ထိန်းကြဖို့ ထပ်မံအလေးအနက်ထား သတိပေးလိုပါတယ်။ 

တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းရွက်နေကြသူတွေကို ကျွန်တော့်အနေနဲ့ အထူးသတိပေး လိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့  အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို စစ်အာဏာရှင်ရဲ့ အမှုအကျင့်တွေ၊ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ လက်မ မကောင်း လက်မ၊ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းရမယ့် တော်လှန်ရေးခရီးမှာ ခက်ခဲကြမ်းတမ်းမှုတွေ၊ စိန်ခေါ်မှု တွေ အများကြီး ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါတွေကို ပြည်သူတွေရဲ့ အား၊ ကျွန်တော်တို့ရဲ့ စုစည်း ညီညွတ်မှုအား၊ တော်လှန်ရေးအပေါ်ထားတဲ့ မြဲမြံခိုင်မာသော ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်ပြီး မျှော်ရည်ထားတဲ့ အန္တိမပန်းတိုင်ဆီ အရောက်သွားရမှာ ဖြစ်ပါတယ်။

(၂) မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများခင်ဗျား

ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်မှု ခိုင်ခိုင်မာမာနဲ့ ရှင်သန်နေပြီး အောင်မြင်မှုတွေ ရယူနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်ကနေ လက်တွဲကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ အတွေ့အကြုံနဲ့စွမ်းရည်များ ပံ့ပိုး ဝေမျှပေးမှုတွေက အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ မဟာဗျူဟာကျကျ ရင်ဆိုင် တိုက်ခိုက်နေနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက်တပ်ဆင်ပေးမှု တွေကနေရရှိလာတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။

ဒီလို ခမ်းနားလှတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်း ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးရဲ့ပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ရာ ကျွန်တော်တို့အားလုံး ကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်း တောင်းဆိုပါတယ်။ ညီညွတ်မှုများဖြင့် ကျွန်တော်တို့အတူတကွ လက်တွဲ တိုက်ပွဲဝင်ကြမယ်ဆိုရင် ယိုင်နဲ့နေတဲ့ စစ်အာဏာရှင်စနစ်ဟာ မကြာခင်မှာပဲ အဆုံးသတ် ပြိုလဲသွားမှာြဖစ်ပါတယ်။

(၃) နိုင်ငံတကာ မိတ်ဆွေများခင်ဗျား  

ကျွန်တော်တို့ ပြည်သူလူထုဟာ အသက်တွေ၊ ဘ၀တွေ ပေးဆပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်နေကြတယ်ဆိုတာ နိုင်ငံတကာအစိုးရများကို အလေးအနက်ထား ပြောလိုပါတယ်။ ရရှိထားတဲ့ အချက်အလက်များအရ ယခုနှစ် ဩဂုတ်လကုန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ပေါင်း (၄,၀၂၃) ဦး သေဆုံးထားရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားကျေးရွာ၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ  ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် (၁,၄၀၀) ကျော် ကျူးလွန်တိုက်ခိုက်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို  ဗြောင်ကျကျ ကျူးလွန်လျက်ရှိပါတယ်။ ဒီကျူးလွန်မှုတွေအတွက် အရေးယူ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့် မရသင့်တော့ပါဘူး။ မြန်မာပြည်သူလူထုကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို့သာ ထောက်ကူပါလို့ အလေးအနက် တောင်းဆိုပါတယ်။ နိုင်ငံတကာက ထိရောက်စွာကူညီရင် လူထုထိခိုက်မှုနည်းပြီး အောင်ပွဲ အမြန်ရရှိမှာဖြစ်ပါတယ်။

တဘက်မှာ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းပါတယ်။ နိုင်ငံတကာအစိုးရများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဆက်လက်ဖယ်ကျဉ် ထားပြီး ဒီကနေ့ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြရမှာ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက စစ်ဘက် အရပ်ဘက်  ခွဲခြားမှုမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာပြည်သူတွေ၊ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေ ဒီလူတွေအားလုံးအတွက် လူသားစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ နိုင်ငံတကာအကူအညီတွေဟာ ပေးကားပေး၏ မရဆိုသလို အဓိက လိုအပ်နေတဲ့ ပြည်သူတွေထံ မရောက်ရှိပါဘူး။ မြေပြင်မှာ ထိရောက်မှုမရှိနိုင်တဲ့ အကြမ်းဖက်စစ်အုပ်စု ကတဆင့် ကူညီထောက်ပံ့မှုများကို ရပ်တန့်ပြီး  လက်တွေ့မြေပြင်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ တိုက်ရိုက် ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းများကို ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့  အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်မှုများကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ တဘက်မှာလည်း စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လုံး၀ လိုက်နာဆောင်ရွက်ခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်ထည်ဖေါ်ရာမှာလည်း တိကျတဲ့ အချိန်ကာလသတ်မှတ်ပြီး ထိရောက်တဲ့ အကောင်အထည်ဖေါ်မှုတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအပေါ် အမေရိကန်အစိုးရက အလေးအနက်ထားပြီး Burma Act ကို ပြဌန်းခဲ့တာအတွက် ကျေးဇူးအထူးတင်ရပါတယ်။ Burma Act မှာ ပါဝင်တဲ့ လူသားခြင်းစာနာမှု အကူအညီတွေနဲ့ Non-lethal Assistance အကူအညီတွေကို အမြန်ဆုံး အကောင်ထည်ဖေါ်လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

(၄) တိုင်းသူပြည်သားများခင်ဗျား 

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပါ တယ်။ ကျွန်တော်တို့တော်လှန်ရေးဟာ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုတခုတည်း မဟုတ်ပါဘူး။ စစ်အုပ်စုကို နိုင်ငံရေး စီပွားရေးအရ ဆန့်ကျင်အံတုမှုတွေကလည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ရန်သူစစ်အုပ်စု စိုးမိုးနိုင်နေသေးတဲ့ မြို့ပြကြီးတွေမှာ အခက်အခဲ အန္တရာယ်မျိုးစုံကို အမှုမထားဘဲ ဆန္ဒပြပွဲတွေ ဖော်ဆောင်တာ၊ မြို့ပြပြောက်ကြားတိုက်ပွဲတွေ ဆင်နွှဲတာ စတဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ကျွန်တော့်အနေနဲ့ အထူးအားရမိပါတယ်။  

အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုကို တော်လှန်ရေးနဲ့ ဝေးကွာသွားဖို့ သူတို့ချုပ်ကိုင်နိုင်နေသေးတဲ့ မြို့ပြတွေမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်တာ၊ သူတို့မီဒီယာတွေကို အသုံးချပြီး ဖျော်ဖြေရေးတွေနဲ့ အာရုံလှည့် စားတာတွေ လုပ်နေပါတယ်။ ဒါတွေဟာ တော်လှန်ရေးအပေါ် ပြည်သူလူထုရဲ့ စူးစိုက်မှုကို အာရုံလွှဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်မိဖို့လိုပါတယ်။ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ သွေးဆောင်ဖျားယောင်းမှုနောက် လိုက်ပါမသွားဘဲ တော်လှန်ရေးနဲ့ တသားတည်းရှိနေကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ 

ကျွန်တော်တို့ပြည်သူများဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန် မိုက်မဲတဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေကြောင့် ကုန်စျေးနူန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်ဆိုတာကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းစွာ သတိပြုမိပြီး အလေးအနက်ထားစောင့်ကြည့်လျက်ရှိပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများကို အသိပေးလိုပါတယ်။ ဒီလို ခက်ခဲကျပ်တည်းမှုတွေကို ဖြေရှင်းကုစားနိုင်ဖို့ဆိုတာ အဓိက လက်သည်တရားခံဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချပြီး တော်လှန်ရေးအောင်ပွဲကို ရယူခြင်းကသာလျှင် တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရယူနိုင်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တတ်စွမ်းသမျှ ပါဝင်ကြပါ။ ငွေကြေးတတ်နိုင်သူ ငွေကြေး၊ ငွေကြေးမတတ်နိုင်သူတွေအနေနဲ့လည်း သတင်း အချက်အလက်များ ပေးပြီး ပံ့ပိုးကူညီတာ၊ စစ်တပ်ပိုင်စီးပွားရေးတွေကို ဆန့်ကျင်တာ၊ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုတာ စတဲ့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းများဖြင့် တော်လှန်ရေးကို ပံ့ပိုးကူညီနေကြဖို့ တိုက်တွန်းလိုပါတယ်။ 

ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ရပါလိမ့်မယ်၊ ပြည်သူ့ဓါးနဲ့ အမြစ်ဖြတ်ရပါလိမ့်မယ်။ “လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်” ပြည်သူအားလုံး တသံတည်းညီ၊ တချီတည်း ရုန်းချိန် တန်ပါပြီ။ 

မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို ပြောလိုတာက ပြည်သူတွေ ကျွေးတာ စား၊ ပြည်သူ့ဘဏ္ဍာသုံးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါလူတစုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖြစ်မခံဘဲ အခြေအနေအမှန်ကို လက်တွေ့ကျကျ ရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွါကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီး အမှန်တရားဘက်မှာ ဂုဏ်သိက္ခာရှိစွာရပ်တည်ကြပါ။ တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူ့ထံကသာ ဆင်းသက်တာဖြစ်တယ်၊ ပြည်သူ့အာဏာကို ပြည်သူ မလိုလားတဲ့ မင်းအောင်လှိုင် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ 

နိဂုံးချုပ်အားဖြင့် ပြောလိုတာက ကျွန်တော်တို့တော်လှန်ရေးဟာ စုစည်းညီညွတ်မှုအားနဲ့  ပြည်သူ့အား ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်။ ဒီတော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေး ဖြစ်တာ ကြောင့် ကျွန်တော်တို့တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ် နှလုံးသွင်း ထားကြဖို့ လိုအပ်ပါတယ်။ 

"ပြည်သူ့အားပေါ် အခြေတည်၊ စုစည်းညီညွတ်မှုသည် အောင်ပွဲအရင်းခံ" ဖြစ်တယ်ဆိုတာ ပြောကြား ရင်း နိဂုံးချုပ်လိုက်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်...