ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ 

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း 

၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၀) ရက် 

ဒီကနေ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး (FSCC) ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနဲ့ FSCC ကော်မရှင်အဖွဲ့ဝင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ 

ဒီနေ့ ပြုလုပ်ကျင်းပတဲ့ FSCC ကော်မရှင်အစည်းအဝေးဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ပြုလုပ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခင် FSCC ကော်မရှင်အစည်းအဝေး ပထမအကြိမ် ကျင်းပတုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့ အခြေခံမူတွေနဲ့ပတ်သက်ပြီး ထပ်မံ ပြောကြားချင်တာ ရှိပါတယ်။ ဒီနေ့ ကော်မရှင်အစည်းအဝေး agenda က နိုင်ငံရေးအရ သော်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအရသော်လည်းကောင်း အရေးကြီးတဲ့ နိုင်ငံရေးပိုင်းတွေ ပါဝင်နေတယ်လို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ FSCC ကော်မရှင်အနေနဲ့ ရှေ့ရှုရမယ့် အခြေခံသဘောထား၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကိစ္စအပြင် KNU နဲ့ တွေ့ဆုံရေးကိစ္စတို့မှာ ကျွန်တော်တို့ သတိချပ်ရမယ့် အချက်တချို့ကို ပြောကြားချင်ပါတယ်။ 

ဒီနေ့ FSCC ကော်မရှင်အနေနဲ့ မိမိတို့ ပြုသမျှ / ပြောသမျှ / လုပ်သမျှ ကိစ္စအားလုံးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထားပြီး လုပ်ဆောင်ရလိမ့်မယ်လို့ ကနဦး ပြောကြားလို ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရင်း တစ်ဖက်မှာလည်း တိုင်းပြည် တည်ဆောက်ရေးလို့ ခေါ်တဲ့ Nation Building ကိစ္စကို လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စဟာ FSCC ကော်မရှင်ရဲ့ အခြေခံအုတ်မြစ် သဘောထား အဖြစ် ခိုင်ခိုင်မာမာ အုတ်မြစ်တည်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နဲ့ (၂)” အပေါ်မှာ ဆုံချက်ထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ လိုပါတယ်။ ယခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ ပူးတွဲတည်ဆောက်နေတဲ့ nation building ကိစ္စကို (တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမျိုးစုလွတ်မြောက်ရေး) စတဲ့ အခြေခံ အချက် (၃) ရပ်နဲ့ အစဉ်တစိုက် ယှဉ်တွဲတည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ 

နောက်ထပ် ပြောကြားချင်တဲ့ကိစ္စကတော့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင် နေတာတွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။ 

စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်။ 

ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစုကြီးတွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ် တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေ ပါတယ်။ KNU က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျွန်တော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..