စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

"စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်"

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

၁။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ရှိ၊ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ်မှ အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်ရှိ ကျေးရွာအခြေပြုပြည်သူ့ပညာရေး စာသင်ကျောင်းဆောင်၌ စာသင်ကြားနေသည့် ဆရာမ(၁)ဦး နှင့် ကလေးငယ်(၂၁)ဦး၊ စုစုပေါင်း (၂၂)ဦး လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ် (၂၁)ဦးတွင် အသက် (၇) နှစ်အရွယ် (၆) ဦး၊ အသက် (၈) နှစ်အရွယ် (၅) ဦး၊ အသက် (၁၀) နှစ်အရွယ် (၄) ဦး၊ အသက် (၁၁) နှစ်အရွယ် (၃) ဦး၊ အသက် (၁၂) နှစ်အရွယ် (၂) ဦး၊ အသက် (၁၄) နှစ်အရွယ် (၁) ဦး ပါဝင်ပြီး စုစုပေါင်းကလေးငယ် ကျား (၁၂) ဦး နှင့် မ (၉) ဦး ဖြစ်သည်ကို တွေ့ရှိရသည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများအပေါ် အခြေခံ၍ ပြုစုထားသော စာရင်းများအရ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် မတရားအာဏာသိမ်းယူခဲ့သည့် နေ့မှစ၍ ယနေ့အချိန်အထိ ကျူးလွန်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့်  အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၉၁) ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းပေါင်း (၁၁၉) ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဖျက်အားပြင်းလက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး စာရင်းဇယားများအရ ဖျက်အားပြင်းလက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု (၂၃၅၁) ကြိမ်ရှိခဲ့သည်။

၃။ အကြမ်းဖက်စစ်အုပ်စုသည် အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေများနှင့်စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ Rome Statue တို့ကိုချိုးဖောက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းခဲ့ပြီးဖြစ်ပါသည်။ 

၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နှင့် အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) ‌နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဥ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်သော ဆုံးဖြတ်ချက်သစ်နှင့် အရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် တောင်းဆိုပါသည်။  

အမျိုးသားညီညွတ်ရေးအစိုးရ