အမျိုးသားညီညွတ်ရေးအစိုးရ ၉/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာတွေဟာ စကားလုံးအနေနဲ့ အပြင် လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့ အထူးလိုအပ်ကြောင်း၊ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ ယာယီသမ္မတပြောကြား

မတ်လ  ၅ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ယနေ့ တည်ဆဲ နိုင်ငံရေးအခင်းအကျင်း နဲ့ စစ်ရေးအလှည့်အပြောင်းတွေကို အသေးစိတ် အကဲခတ် စောင့်ကြည့်ပြီး မြင်ကွင်းကျယ်ကျယ်နဲ့ နားလည်သဘောပေါက်ထားကြပြီးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုဟာ ဒီ့နောက်ပိုင်း ခပ်စိပ်စိပ် ဖြစ်လာသလို ခပ်သွက်သွက် ဖြစ်လာတာ ကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို နယ်မြေအလိုက်၊ ဒေသလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် အနုစိတ် နားလည်သဘောပေါက် ထားရမယ်လို့ ယူဆပါတယ်။  အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပေါ်အခြေအနေတွေမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် အာရုံစိုက် လုပ်ဆောင် လာတာ တွေ့ရပါတယ်။ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းဒေသမှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို သေချာ ထိထိရောက်ရောက် ချိတ်ဆက် ကူညီနိုင်ရေးကို အလေးထား လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ စစ်ရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်တို့မှာ အခြေအနေ တိုးတက်ကောင်းမွန်မှုတွေ အမြောက်အမြား တွေ့ရပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က မျှခြေညီအောင် အစဉ်တစိုက် သတိထား ကြိုးစားနေကြတယ်ဆိုတာ တွေ့ရပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နွေဦးတော်လှန်ရေး အတွင်းက တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ အောင်ပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေ အရှိန်အဟုန်မြင့်မြင့် တက်လှမ်းနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း အားပေး ကူညီဖို့လည်း အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ မနေ့က ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက် တချို့ကို ကျွန်တော်တို့ သိနားလည်ခွင့် ရခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် [AA] အနေနဲ့ ပြည်ထောင်စုထဲက ခွဲမထွက်ဘူးဆိုတဲ့ သဘောထားကိုလည်း ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ထောင်စု စုဖွဲ့မှုအပေါ် ကောင်းသော အထောက်အပံ့ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် အဓိက အရေးအကြီးဆုံးဟာ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်တွေမှာ ခုခံတော်လှန်စစ်လှိုင်းလုံးနဲ့အတူ တိုင်းရင်းသားလွတ်မြောက်ရေးကို အချိန်တို အတွင်း အဆင့်ပေါင်းများစွာ တက်လှမ်းနိုင်တဲ့အတွက် နိုင်ငံရေးအရ ကြီးမားသော အောင်ပွဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် ရက္ခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အလုံးစုံ မောင်းထုတ် ချေမှုန်းနိုင်ဖို့ အထူး ဝီရိယစိုက်ထုတ် နေကြတာကို အထင်အရှားတွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရက္ခိုင်တော်လှန်ရေးအောင်ပွဲတွေဟာ အားတက်စရာဖြစ်သလို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီလို ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေ၊ တိုင်းရင်းသားတော်လှန်ရေးတွေ အောင်ပွဲခံလာနိုင်ခြင်းအပေါ် တစ်ခဲနက် အားပေး ထောက်ခံကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး တန်းတူညီစွာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိနိုင်ရေးကို ဝိုင်းဝန်း ကြိုးစားကြရမှာဖြစ်ပါတယ်။ အခြေအနေအရ အချိုးမညီစွာ ဖြစ်တည်တဲ့ နိုင်ငံရေးအခြေအနေတွေ ရှိလာရင်လည်း ဒီအခြေအနေတွေကို ကွာဟချက် မကြီးမားအောင် ဘယ်လို ကြိုးစားရမလဲဆိုတာ အမြဲ အာရုံစိုက်နေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲ တွေရဲ့ စစ်ရေးအောင်ပွဲရလဒ်တွေကို စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဝိုင်းဝန်း အားထုတ် ကျေးဇူးပြုကြဖို့ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ တွေဟာ စကားလုံးအနေနဲ့ ရှိရမှာ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့ အထူးလိုအပ်ပါတယ်။ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုပါတယ်။ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေး ပြည့်ဝသော ပြည်ထောင်စုတည်ဆောက်ရေးမှာ/  စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ / အာမခံချက် ရှိတဲ့ အဆင့်အတန်းမျိုးကို ကောင်းစွာ ရရှိလိမ့်မယ်လို့ ပြောကြားအပ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မင်းပြားမြို့နယ်အတွင်း၊ မင်းဖူးဆေးရုံကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်တွေမြို့ရှိ ကိုရီးယားဆိပ်ကမ်းစျေးအတွင်းကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့အတွက် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ အတွက် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ စစ်အုပ်စုက အရပ်သား ပြည်သူတွေအပေါ် ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပါတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတ မှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ကြောင်း ဒီနေရာကနေ ပြောကြား လိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ပြည်သူကို ကဏ္ဍစုံက ဖိစီးနှိပ်စက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးအနေနဲ့လည်း သတိမလစ်ဟင်းပဲ ဘက်ပေါင်းစုံက ပြန်လည်တိုက်ပွဲဝင်နေကြရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ အခုလက်တလော ပြည်သူတွေ စိုးရိမ်ကြောင့်ကြဖြစ်နေကြရတဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ် နဲ့ ပါတ်သက်ပြီးလည်း ပြည်သူကို အသိပေးပြောကြားစရာတွေကို အသိပေးပြောကြားသွားမှာ ဖြစ်သလို ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ တတ်စွမ်းသရွေ့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ် အစုအဖွဲ့အသီးသီးနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး ဒီစိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် စုစုစည်း စည်း ဆက်လက် ဆောင်ရွက်သွားကြဖို့လည်း ရှိပါတယ်။  ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒါကြောင့် ဝန်ကြီးဌာန အသီးသီးအနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာ Channel များက နေ ပြည်သူများကို သတင်းစကားများ ပေးပေးကြဖို့လည်း လိုအပ်ကြောင်း တိုက်တွန်း ပြော ကြားလိုပါတယ်။ တဘက်ကလည်း နိုင်ငံတကာနဲ့ ဆက်နွယ်ဆောင်ရွက်နေကြရတဲ့ ဝန်ကြီး များအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ်လာနိုင် တဲ့ ဆိုးကျိုးများကို သိရှိစေဖို့နဲ့ ဒါဟာ ပြည်တွင်းလုံခြုံရေးသာမက ဒေသတွင်းလုံခြုံရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းစွာ နားလည် သဘောပေါက်နိုင်စေ‌ရေး ကြိုးပမ်းကြဖို့လိုမှာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ လက်ရှိအခြေအနေ၊ အနေအထားတွေအရ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပိုပြီး စုစုစည်းစည်းနဲ့ တိုင်ပင်လုပ်ဆောင် ရမှာတွေနဲ့ ဦးစားပေးလုပ်ငန်းစဥ်တွေလည်း အတော်များပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အစိုးရဖြစ်တာကြောင့် ပုံမှန်ဝန်ကြီးဌာန လုပ်ဆောင်ချက်တွေအပြင် နိုင်ငံရေးအရ ဆွေးနွေးရမှာ တွေ၊ ညှိနှိုင်းရမှာတွေလည်းများ ပြားပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက အုပ်ချုပ်ရေး ထူထောင်နေတဲ့ နေရာ ဒေသတွေရဲ့ အခြေအနေကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးလုပ်ရင်း အုပ်ချုပ်ရေး ဖော်ဆောင်ရတာ မလွယ်ကူ ပါဘူး။ မူကောင်းကောင်းတွေ ရှိဖို့ လိုအပ်သလို လူတွေကိုလည်း မူနဲ့ ကောင်းစွာ ထိန်းကျောင်း နိုင်ဖို့လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။  ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ကြားကာလ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေဟာ အစိုးရအဖွဲ့အားလုံးနဲ့ သက်ဆိုင်တာကြောင့် ဝန်ကြီးတွေ အားလုံးကကောင်းမွန်တဲ့ အကြံဥာဏ်တွေ ၊ ဆောင်ရွက်ချက်တွေ ထိထိရောက်ရောက် အားစိုက်လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ IACC ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး က EU သို့ proposal တင်ရန် ဆွေးနွေးတင်ပြတာ ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး က Thai initiative cross border humanitarian assistance အပါအဝင် humanitarian update  ဆွေးနွေးတာ၊ NUCC Coordination Committee ဝင် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း က NUCC ပြင်ပအဖွဲ့အစည်းများနဲ့ တွေ့ဆုံရာမှာ NUCC Operation Team  က NUG နဲ့အတူ ပူးပေါင်းတွေ့ဆုံလိုတာ နဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူလက်တွဲတော်လှန်တိုက်ပွဲ ဝင်နေကြတဲ့ အဖွဲ့များရဲ့ ဘုံသဘောထားရပ်တည်ချက်နဲ့ ပတ်သက်တဲ့ NUCC မှ ပေးပို့လာတဲ့ သဘောထားကိစ္စအား ဆွေးနွေးတင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။