ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ဆိုရင် ဒေသအသီးသီးက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ လုပ်ဆောင်နိုင်မှသာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို မြန်မြန်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ အဲ့ဒီလိုလုပ်နိုင်ဖို့ကလည်း နိုင်ငံရေးသဘောတူညီမှုတွေ အပြီးပြတ် ဖြစ်မှသာပဲ လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုးဖြစ်တာကြောင့် သက်ဆိုင်တဲ့ Stakeholder များအကြားမှာ နိုင်ငံရေးသဘောတူညီချက်တွေရဖို့ကို ကျွန်တော်တို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ တော်လှန်‌ရေးကာလ ရှည်ကြာလာတာမို့ ပြည်သူများရဲ့ တောင့်ခံနိုင်မှု အခြေအနေကို လည်း အားလုံးသိရှိနားလည်ပြီး တော်လှန်ရေးအရှိန်ကို ဆက်တွန်းကြရမှာ ဖြစ်ပါကြောင်း၊ ဒေသတစ်ခုတည်း လွတ်လပ်တာနဲ့ မပြီးဘဲ တစ်နိုင်ငံလုံး လွတ်လပ်မှသာ နောက်ကျောလုံလုံနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးခရီးကို ဆက်ပြီးလျှောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း" တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၆/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။