အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ကျွန်တော်တို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို့ ကြိုးစားရာမှာ၊ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်။  ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။  ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ ကျွန်တော်တို့ နိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း အသွင်အမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေတဲ့ လူဦးရေ အရွေ့ကို ကြုံတွေ့နေရပါတယ်။ အဲသည့်ထဲမှာ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အားဖြစ်တဲ့ လူငယ်မျိုးဆက် သစ်တွေရဲ့ လူဦးရေ အရွေ့ဟာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ထွန်းနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ ကျွန်တော်တို့ဟာ တော်လှန်ရေး အလုပ်နဲ့အတူ နိုင်ငံအတွင်းမှာ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး / ပတ်ဝန်းကျင် ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ဖို့ လိုနေပါတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင် / ပျက်စီးအောင် လုပ်ခြင်းဟာ အနာဂတ်ပြည်ထောင်စု သစ် တည်ဆောက်ရေးအတွက် ထိခိုက်နိုင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် နိုင်ငံအတွင်းမှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ရကြောင်း၊ လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန်ကြီး ထွားနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီတပတ်အတွင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းနိုင်ရေး ကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အတော်လေး စိတ်ပူပန်သောကရောက်နေကြရတဲ့ အခြေအနေတွေကို ကြားသိရပါတယ်။ ကျွန်တော်တို့အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ် မေးမြန်းလာကြတာတွေလည်း အတော်များပါတယ်။ တချို့ မဟာမိတ် တော်လှန်ရေးအင်အား စုများကလည်း ပြည်သူထံကို အသိပေးစာတွေ ထုတ်ပြန်လာကြတာရှိသလို အမျိုးသားညီညွတ်ရေး အစိုးရကို ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ဆက်လက် ကိုင်တွယ်ဆောင်ရွက်မယ့် အစီအမံတွေကို မေးမြန်းလာကြတာတွေ ရှိပါတယ်။ မြေပြင်မှာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုပြုနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း သတင်းစကားတွေ အမျိုးမျိုး ရောက်ရှိမေးမြန်း နေကြတာတွေ ရှိတာမို့ ဝန်ကြီး များအားလုံးလည်း ဒီကိစ္စရပ် အတွက် အချိန်ပေးဆွေးနွေး နေကြပြီး၊ ဌာနအလိုက် စီမံခန့်ခွဲမှု တွေလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားသုံးသပ် အလုပ်လုပ်ကြတဲ့ အခါမှာ လက်ရှိစစ်အုပ်စုရဲ့ အခြေအနေနဲ့ နောက်ခံအကြောင်းတရားတွေကိုလည်း သေချာသုံးသပ်ကြဖို့ လိုသလို အမျိုးသား ညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ၊ တော်လှန်ရေးရဲ့ အရွေ့ စတာတွေကိုလည်း သေချာသုံးသပ် လေ့လာကြပြီး အစီအမံတွေ ပြုလုပ်ကြရမယ်လို့ ထင်ပါတယ်။ တကယ်တော့ စစ်အုပ်စုဟာ တောက်လျှောက် ထိခိုက်ဆုံးရှုံးမှုတွေ များလာပြီး စစ်အင်အား အင်မတန်ချိနဲ့နေပြီ ဖြစ်တဲ့အတွက် သူတို့ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ဒီဥပဒေကို တရားမဝင် အတည်ပြုလာတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးကို စစ်နွံအတွင်းကျရောက်စေဖို့ စဉ်းစားဆင်ခြင် နိုင်စွမ်းပင် မရှိတော့ပဲ လုပ်ဆောင် လာတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို အကောင်အထည် ဖော်ဖို့ လုပ်ဆောင်လာခြင်းကြောင့် တိုင်းပြည်ကသောင်းကနင်း ဖြစ်မှာကို ကြိုသိလျက်နှင့် သူတို့ရှင်သန် နိုင်ရေးအတွက် တိုင်းပြည်ကို ချနင်းတဲ့လုပ်ရပ်အပေါ် ပြည်သူတရပ်လုံးကလည်း နားလည်စွာနဲ့ မိမိတို့တတ် စွမ်းသမျှ တော်လှန်ရေးနည်းနာပေါင်းစုံ အသုံးပြုပြီး တော်လှန်ရေးကို အရှိန်မြှင့်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ စစ်အုပ်စုရှိနေသရွေ့တော့ ဒီလို ကိစ္စမျိုးတွေဟာ တခုမဟုတ် တခု အမြဲပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ တစိုက်မတ်မတ်နဲ့ စစ်အာဏာရှင်တွေ အပြီးတိုင် ကျဆုံးစေရေးအတွက် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်းတစ်ဦး တစ်ယောက်တည်းအတွက် စဉ်းစားရုန်း ကန်ခြင်းထက် တနိုင်ငံလုံးစာ ဝိုင်းဝန်းရုန်းကန်ကြ ရမယ့် အချိန်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်လှန်ရေးရဲ့ အရှိန်ကို မြှင့်စေနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲအရှိန်မြှင့် ဆောင်ရွက် သွားမှာဖြစ်သလို လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေးအတွက်လည်း ပိုမို ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်။ လူငယ်များ အနေနဲ့လည်း မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ နည်းနာပေါင်းစုံနဲ့ တရားမဝင်စစ်အုပ်စုက တရားမဝင်ပြဌာန်းလာတဲ့ ဒီအဓမ္မစစ်သားစုဆောင်းခြင်း အမိန့်အပေါ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီတော်လှန်ရေးမှာ Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်ဟာ အံ့ဩစရာကောင်းလောက်အောင် တီထွင်ကြံဆနိုင်ကြ တာမို့ မျိုးဆက်သစ်လူငယ် တွေကို ပစ်မှတ်ထားလာတဲ့ ဒီအမိန့်ကို တုန့်ပြန်ကြမယ့် နည်းလမ်း တွေလည်း ရှိမယ်လို့ ယုံကြည်ပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှကို လက်ချင်းချိတ်ပြီး တွန်းလှန်သွားနိုင် ကြမှသာ တော်လှန်ရေးခရီးဆုံးပန်တိုင်ကို ရောက်ကြမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေကို တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားတွေ အဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို အစီအမံတွေ စဉ်းစားကြတဲ့အခါမှာတော့ အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်း စားပြီး စီမံကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် ရုံးအနေနဲ့ ဆက်လက်စီမံဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေကို တပတ်လုံးလုံး ဝန်ကြီးများ၊ ကော်မတီများမှာ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး မူကြမ်းတရပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆက်လုပ်ရမှာတွေ၊ အင်အားစုအသီးသီးနဲ့ ပေါင်းစပ်လုပ်ရမှာတွေကို ဝိုင်းဝန်းအကြံပြုပြီး အလုပ်စတည် လုပ်လိုက် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “နောက်တစ်ချက် ပြောကြားလိုတာတော့ အခုဆိုရင် မဟာမိတ် ဆက်ဆံရေးက တိုးတက်ကောင်းမွန်နေပြီး စစ်ရေးနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးတက်နေတာ အားလုံးလည်း သတိထားမိမယ် ထင်ပါတယ်။ အခုအချိန်မှာ တိုင်းရင်းသား ဒေသများမှာ လည်း လွတ်မြောက်နယ်မြေများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့ အလားလာ ကောင်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖက်ဒရယ်ယူနစ်/ပြည်နယ်များဟာ အသွင်ကူး ပြောင်းရေးကာလအတွက် အခြေခံဥပဒေများလည်း ပြင်ဆင်လျက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တိုင်းတွေမှာတော့ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာ နေသော်လည်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရစဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့အသာစီးမရနိုင်တဲ့ နယ်မြေများကို စွန့်လွတ်ပြီး ၎င်းတို့ နိုင်မည်ထင်သည့် ဒေသများကို ယခုနှစ်ပိုင်းမှာ ပိုမို ထိုးစစ်ဆင်လာဖွယ်လည်း ရှိပါတယ်။ သို့သော် ဒါဟာလည်း အခိုက်အတန့်သာ ဖြစ်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ သူတို့အသာစီး ရလာပြီထင်ရင် ပြည်နယ်တွေဘက်ကို ပြန်ပြီး ထိုးစစ်ဆင်အုံးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တို့ လုပ်လေ့ရှိတဲ့ အဖန်တရာကျေနေတဲ့ ဗျူဟာသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် စစ်အာဏာရှင်တို့ လုံးဝပြုတ်ကျသွားမှသာ ထာဝရ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ကျနော်တို့ အားလုံးနားလည်ပြီး အပြန် အလှန်ကူညီနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ အညာဒေသနဲ့ ပြည်နယ်တွေဟာ ဟန်ချက် ညီညီဆက်လက် ပူးပေါင်းစစ်ဆင်ရေးဆင်နွဲနေမှသာ စစ်ကောင်စီ အလုံးစုံပြုတ်ကျမှာဖြစ်ပါတယ်။ နောက်တစ်ချက်က စစ်ကောင်စီဟာ နိုင်ငံအနှံ့ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ အကြီးအကျယ် စစ်ရှုံးနေတာဖြစ်ပါတယ်။ သို့သော် အကြမ်းဖက် သမားတို့ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်မှုကို ဗျူဟာအဖြစ်အသုံးချကာ မိမိတို့ ပြည်သူနဲ့ တော်လှန်ရေးသမားများကို စိတ်ဓါတ်စစ်ဆင်ရေးအကြီးအကျယ် ဆင်နွဲနေတာကို သတိပြု ကြစေလိုပါတယ်။ ဥပမာအားဖြင့် မြောက်ခင်ရန်းရွာဖြစ်စဉ်မှာကဲ့သို့ မိမိတို့သူရဲကောင်း ရဲဘော်နှစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြ၊ ကောလင်းကို အင်အားအလုံးရင်းနဲ့ တိုက်ခိုက်ပြီး စစ်နိုင်နေတဲ့ မိမိတို့ လူထုနဲ့ တော်လှန်းရေး သမားများကို ထိုးနှက်ပါတယ်။ စစ်ရှုံးနေတဲ့ အကြမ်းဖက်သမားများဟာ အဆိုပါ အကြမ်းဖက်မှု မျိုးကို ပိုမိုကျူးလွန်လာဖွယ်ရှိပြီး မိမိတို့ ဘက်မှ ၎င်းတို့ကျူးလွန်သလို ဥပဒေမဲ့ သတ်ဖြတ် ခြင်းမျိုးမပြုမိရန်၊ တစ်ဖက်မှာလည်း အလွန် အမင်း စိတ်ထိခိုက်မသွားပဲ အောင်ပွဲကိုသာရရှိဖို့ အာရုံစိုက်ကြဖို့လိုပါတယ်။ ဒါ့အပြင် စစ်ပွဲ တိုင်းရဲ့သဘောမှာ အထိခိုက်ကျရှုံးတဲ့အခါရှိတတ်ပြီး အဆိုပါ ထိခိုက်ရသမျှမှ မိမိအားနည်း ချက်များကို မှန်ကန်စွာသုံးသပ်ပြီး ပြန်လည်ပြင် ဆင်နိုင်ခြင်းကသာ အောင်မြင်မှုအတွက် အာမခံချက်ဖြစ်တာကို သတိပြုကြဖို့လိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ၂၀၂၄ ဟာ ပိုမို ရုန်းကန်ကြရမယ့်နှစ် ဖြစ်ကြောင်း၊ ပိုပြီး အလုပ်တွေလုပ်ကြရမယ့် နှစ်လည်း ဖြစ်ကြောင်းနဲ့  အားလုံး ပင်ပန်းနေကြတာ အမှန်ဖြစ်ပင်မယ့် တော်လှန်ရေးအောင်မြင်မှု မရမချင်း အသက်၊ သွေး၊ ချွေးပေးဆပ် သွားကြတဲ့ ပြည်သူတွေအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သား စုဆောင်း မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက်ပြောင်းလဲနိုင်ရေးစီမံချက် တင်ပြတာ ၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ စုံစမ်းရေးကော်မရှင် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ့် ဦးဆောင်အုပ်ချုပ်ရေးအဖွဲ့ (Governing Body) သို့ပေးပို့မယ့် အကြံပြုစာတင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။