အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်

• ကျွန်တော်တို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို့ ကြိုးစားရာမှာ၊ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ 

• စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်။  

• ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ 

• ကျွန်တော်တို့ နိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း အသွင်အမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေတဲ့ လူဦးရေ အရွေ့ကို ကြုံတွေ့နေရပါတယ်။ အဲသည့်ထဲမှာ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အားဖြစ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ လူဦးရေ အရွေ့ဟာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ထွန်းနေပါတယ်။ 

• လက်ရှိ ဖြစ်ပေါ်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ ကျွန်တော်တို့ဟာ တော်လှန်ရေး အလုပ်နဲ့အတူ နိုင်ငံအတွင်းမှာ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး / ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ဖို့ လိုနေပါတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင် / ပျက်စီးအောင် လုပ်ခြင်းဟာ အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ 

• ဒါ့ကြောင့် နိုင်ငံအတွင်းမှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ရပါတယ်။ ဒီ့အတွက် လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်ရေးကို ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးကြဖို့ ပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။ 

အရေးတော်ပုံမုချအောင်မြင်ရမည်။