အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼️နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ ယာယီသမ္မတပြောကြား

◼️အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း အသိပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၁၂ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို မျဉ်းပြိုင်သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်း ဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင် စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့ နာမ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်းနဲ့ software ပိုင်းလို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ hardware ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ လူထုနိုင်ငံရေးတိုက်ပွဲကတော့ နွေဦးတော်လှန်ရေးရဲ့ software ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခုနွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကြီးထဲ ဖြတ်သန်းနေရတဲ့ ကာလမှာ နိုင်ငံရေးဝဲဂယက်တွေထဲ မြုပ်မသွားဖို့ အထူးဂရုစိုက်ဖို့ လိုကြောင်း၊ တော်လှန်ရေးခရီးကြမ်းကြီးကို သုညကနေ စတင်လိုက်တာဟာ အခုဆိုရင် အတော်ကြီး ခရီးပေါက်နေပြီ ဖြစ်ကြောင်း၊  ထက်ထက်သန်သန်နဲ့ ပန်းတိုင်ရောက်တဲ့အထိ အတူ ကြိုးစားချီတက်ကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရ အောင်ပွဲ တွေကတော့ အားရကျေနပ်စရာကောင်းတာကို တွေ့မြင်ရပြီး စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာတာကိုလည်း တွေ့ရပါတယ်။ One Year Plan မှာ ချမှတ်ခဲ့တဲ့ အစီအမံတွေအရ အဘက်ဘက်က ထိုးစစ်တွေ အကောင်အထည်ဖော်နေမှုတွေကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ၊ အုပ်ချုပ်ရေးမျက်နှာစာနဲ့ နိုင်ငံခြားရေး မျက်နှာစာ ကဏ္ဍစုံကနေ ဖိအားတွေ ဖြစ်ပေါ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဖိအားပေးနိုင်ရုံ အခြေအနေကနေ အဆုံးသတ်တိုက်ပွဲထိ တွန်းတွန်းတိုက်တိုက် ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတဲ့ ကဏ္ဍတွေကို ရှုထောင့်စုံကနေ မလစ်ဟင်းအောင် ဂရုတစိုက် လုပ်ဆောင်ကြရင်း တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေကြရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာရင်း သူလှမ်းမယ့် ခြေလှမ်းတွေကို ကြိုမြင်နေမှသာ ပြင်ဆင်သင့်တာတွေကိုလည်း ပြင်ဆင်နိုင်ကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးအခြေအနေ၊ လှမ်းနေတဲ့ ခြေလှမ်းတွေ စောင့်ကြည့်ကြဖို့ လိုပါတယ်။နောက်တစ်ခုကတော့ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ အခြေအနေပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်း လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲ လုပ်မယ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ မိမိတို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်ကို မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်ပါတယ်။  ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒီနေရာမှာလည်း ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ပြောခဲ့သလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေဆီကို တော်လှန်ရေးရဲ့ အခြေအနေမှန်၊ တော်လှန်ရေးအင်အားစုတွေရဲ့ စီမံဆောင်ရွက် နေမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ခြေလှမ်းတွေကို မှန်မှန်ကန်ကန် သတင်းစကားပါးနိုင်ဖို့ ကိစ္စကလည်း အရေးကြီးပါတယ်။ ဒါတွေကို ပိုမိုသိရှိနိုင်အောင် ကျွန်တော်တို့ ဝန်ကြီးဌာနအသီးသီး အနေနဲ့ ဘက်ပေါင်းစုံက စဉ်းစား အားဖြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ၊ ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား တင်ပြတာ ၊ အထွေထွေလူထုအုံကြွမှုပေါင်းစပ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ ဖွဲစည်းကြောင်းတင်ပြတာ ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်မှုနဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းရန် ကိစ္စတင်ပြတာ၊ မြဝတီဘဏ်၊ အင်းဝဘဏ် ဒါရိုက်တာအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာ ၊ စစ်ကောင်စီဗဟိုဘဏ်အဖွဲ့ကို အကြမ်းဖက်သမားများအဖြစ် ကြေညာတာ၊ နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက NUCC မှာ အတည်ပြုပြီး ဖြစ်တဲ့ လူသားချင်းစာနာအကူအညီပေးခြင်းဆိုင်ရာ မူဝါဒကို တင်ပြတာ နဲ့ စက်တင်ဘာမှာ ပြုလုပ်မယ့် အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိစ္စတင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။