အမျိုးသားညီညွတ်ရေးအစိုးရ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

နိုင်ငံရေး ရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

ဇန်နဝါရီ ၂၃ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေး ကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်။ အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလို အသစ်ပေါ်ထွန်းလာခဲ့တဲ့ ဒေသအခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်း တွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆက်အသွယ်အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိလို့ ဖြစ်ပါတယ်။ စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေး ရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျှူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာ လေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်။ စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျှော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုကြောင်း၊ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရကြောင်း၊ တော်လှန်ရေးအတွင်းမှာထားတဲ့ မူအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင် အထူး ကြပ်မတ်ဆောင်ရွက်ဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်း တာဝန်ယူထားရတဲ့ တော်လှန်ရေး အစိုးရဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ နိစ္စဓူဝ လုပ်ဆောင် နေရတဲ့ ကိစ္စတွေဟာ တော်လှန်ရေးကို တိုက်ရိုက် ထိရောက်မှု ရှိပြီး အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်စေမယ့် ကိစ္စမျိုးတွေအတွက် အဓိက အားစိုက်လုပ်ဆောင်နေကြရတာ ဖြစ်ပါ တယ်။ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ဆိုတာ အကြမ်းဖက် စစ်ကောင်စီ အပြီးတိုင် ပြိုကျ သွားဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် အားစိုက်လုပ်ဆောင်ရကြတဲ့အခါ တော်လှန်ရေး အလွန်ကာလမှာ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေအတွက်လည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်း သားလူမျိုး စုံလင်လှတဲ့ တိုင်းပြည်မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ပြီး တဲ့အခါ အချင်းချင်းကြားမှာ နားလည်မှုရှိစွာနဲ့ နေထိုင်သွားကြဖို့ရန် တိုင်ပင်ဆွေးနွေး ညှိနှိုင်းစရာ တွေကလည်း များမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲရင်း အနာဂတ်နိုင်ငံတော်အတွက်ပါ အလုပ်တွေ လုပ်နေကြရတာဖြစ်ပြီး တာဝန်တွေ များပြား လွန်းတာမို့ ဝန်ကြီးတွေအနေနဲ့လည်း အချိန်၊ ငွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် လူထုတော်လှန်ရေးရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကျရှုံးမှု၊ အထိနာနေမှုတွေအပြင် ခုနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာပင် အက်ကြောင်းတွေ ရှိလာတဲ့ သဘောတွေ မြင်တွေ့နေရပါတယ်။ နိုင်ငံအနှံ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှသည် အနောက် ဘက်နဲ့ တောင်ပိုင်းဒေသတွေအထိ စစ်မျက်နှာပြင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေ တာ တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသမှာတော့ လက်နက်အင်အား မပြည့်စုံသေးသည့်ကြားမှပင် စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ပန်းမဝင်ခင် တက်မ မထောင်ဖို့ အရေးကြီးသော်လည်း ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ စိတ်ဓါတ်၊ စွမ်းရည် သတ္တိနဲ့ စည်းလုံးမှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီ မျှော်လင့် စောင့်စားနေတဲ့ တော်လှန်ရေး မဟာမိတ်များ ပြိုကွဲရေး ဆိုတဲ့ကိစ္စက ဖြစ်မလာတဲ့အပြင် ပိုမိုစုစည်းလာနေကြောင်း ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများက ခိုင်မာတဲ့ သက်သေများပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံတဝှမ်းလုံး ပြည်သူများ ရရာလက်နက်စွဲကိုင် တော်လှန်ပြီး အကြမ်းဖက်စစ် ကောင်စီ နှိမ်နင်းရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်လို့ အပြန်အလှန်ယုံကြည် လေးစားမှုက ပိုမိုခိုင်မာလာကာ ပူးပေါင်းစစ်ဆင်ရေးတွေ အားကောင်းလာတာပဲဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ နောက်ထပ်သတိထားရမယ့် အချက်ကတော့ စစ်ကောင်စီဟာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ မျိုးချစ်စိတ်ဓါတ်ကို အစွန်းရောက်အောင် အသုံးချပြီး ၎င်းတို့တပ် တည်မြဲရေး အတွက် ကြိုးပမ်းနေတာ အားလုံး အသိဖြစ်ပါတယ်။ ဒါကိုလည်း အထူးသတိထားဖို့ လိုသလို စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ စစ်ရှုံးလာတဲ့အခါ နိမ့်ကျတဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ပြည်သူကို လှည့်စားလေ့ရှိတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ခေါင်းစဉ်ပြောင်း၊ နေရာပြောင်း ပြီး ပြည်သူကို တွေတွေဝေဝေ ဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ စီမံဆောင်ရွက်ဖို့ ကြံစည်နေတာကို လည်း ပြည်သူတွေ ကောင်းစွာ သတိထားမိမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ ရှေးရှု ထားတဲ့ တော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဖြစ်တာမို့ ဘယ်လိုပင် ပြည်သူကို လှည့်ဖျားဖို့ ကြံစည်ပါစေ ပြည်သူတွေအနေနဲ့ အာရုံပြောင်းသွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း အကြမ်းဖက် စစ်ကောင်စီကို သိစေချင်ပါတယ်။ စစ်ကောင်စီမှ ထိပ်ပိုင်း၊ အလယ်အလတ်နဲ့ အောက်ခြေစစ်သည်များလည်း မိမိတို့ “ဘာကြောင့်စစ်တိုက်နေရသလဲ” ဆိုတာ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အခုတိုက်နေကြရတဲ့ စစ်ပွဲတွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်တိုက်နေကြရတဲ့ စစ်ပွဲတွေမို့ တိုင်းပြည်ကို ရန်သူ့ရန်မှ ကာကွယ်ဖို့ မဟုတ်တာကိုတော့ အားလုံး နားလည်ပြီး ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ တူမီးကိုင်ပြီး တော်လှန် ခဲ့ကြချိန်ကတည်းက နှစ်ပေါင်းများစွာ တိုင်းပြည်ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ရဲ့ အကြီးမားဆုံး institution ကြီး တစ်ခုဖြစ်တဲ့ စစ်တပ်ကို ပြင်းထန်တဲ့စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်ခဲ့ ကြတာပါ။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်း သားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ အင်တိုက်အားတိုက် ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ်ဆို တာကိုလည်း ယုံကြည်စွာနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်အားကိုး အနိုင်ကျင့်လို့ရမယ်လို့ ယုံကြည်နေကြတဲ့ စစ်ကောင်စီကတော့ သူတို့ မှားယွင်းစွာ ယုံကြည်မှုအတွက် အခုချိန်မှာ ပေးဆပ် နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးကြီးငယ်မရွေး စစ်သည် တွေကို ပြောကြားလိုတာကတော့ အချိန်မီ အမြင်မှန်ရရမယ့် အချိန်ဖြစ်နေပါပြီ။ သမိုင်းဝင် အမည်း စက်ကျန်ခဲ့မယ့် အခြေအနေကနေ ရုန်းထွက်ကြဖို့ကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပြုန်းတီးလာတဲ့လာတဲ့အတွက် ပြည်သူတွေကို အတင်းအဓမ္မ နည်းလမ်းတွေနဲ့ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်ဖို့ လုပ်ဆောင်လာကြောင်း ၊ ဒါဟာ 

သူတို့ရဲ့ အင်အားတွေအတွက် ပြည်သူလူထုကို အတင်းအဓမ္မနည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်ထဲ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် နိမ့်ကျပြီး စစ်ကျွန်ပြုတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးမှာ စစ်ကောင်စီထိန်းချုပ်ပြီး စစ်ကျွန်ပြုခြင်း မခံရလေအောင် တော်လှန်ရေးကို အလျင်အမြန် အောင်နိုင်စေဖို့ ကျွန်တော်တို့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ လွှဲရှောင်လို့ မရတဲ့ အခြေအနေမျိုးမှာဆိုရင်လည်း ရောက်ရှိနေတဲ့ အခြေအနေကနေ ပြည်သူ့ တော်လှန်ရေးအတွက် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားကြဖို့ လည်း တိုက်တွန်းလိုပါတယ်။  ပြောကြားထားပါတယ်။

အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက IHL Taskforce က ပြန်လည်ပြင်ဆင်ပြီး Ministers’ meeting မှာ သဘောထားရယူဆုံးဖြတ်ပြီးဖြစ် တဲ့ Military Code of Conduct ကို အတည်ပြုချက် ရယူတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။