ဖက်ဒရယ်ရေးရာပညာပေးစာစဉ် အမှတ် (၁) - ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်

အမှာစာ


နွေဦးတော်လှန်ရေး၏ ကြွေးကြော်သံသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ပါသည်။ ယင်းသည် စစ်အာဏာရှင်စနစ်ကို အစားထိုးနိုင်မည့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို ပေါင်းစပ်၍ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်ရေးပင်ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတိုက်ပွဲကို ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ဖြစ်သော DeJure Mandate နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေကြသူများ၏ De Facto Mandate နှစ်ရပ်ကို ခိုင်မာစွာ ပေါင်းစပ်၍ ဆင်နွှဲနေခြင်းဖြစ်သည်။ ထိုကဲ့သို့ De Jure Mandate နှင့် De Facto Mandate တို့ကို စနစ်တကျ ပေါင်းစပ်ရန် ‘‘ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်’’ Faderal Democracy Charter (FDC) အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။

စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးတိုက်ပွဲ ဦးတည်ချက်နှင့်ရည်ရွယ်ချက်များကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် တွင် အောက်ပါအတိုင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါသည်။ ယင်းတို့မှာ-

(၁) စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး
(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး
(၃) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး
                (၄) အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့ ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ နိုင်ငံရေးဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို FDC အစိတ်အပိုင်း (၁) တွင် ဖော်ပြထားပါသည်။ ထို့အပြင် ‘‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး’’ အတွက် လိုအပ်သောပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုးများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ (၅) ချက်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒ (၆၄) ချက်တို့ကို ဖော်ပြထားပါသည်။ ယင်းကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု မျှော်ရည်ချက်၊ စံတန်ဖိုး၊ လမ်းညွှန်အခြေ ခံမူများနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများသည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးသာမက အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင်လည်း ခံယူကျင့်သုံးမည့် ‘‘ဖက်ဒရယ် ပြည်ထောင်စု၏အခြေခံမူ’’ များ ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင်ပါရှိသော ပြည်ထောင်စု မျှော်ရည်ချက်များ၊ စံတန်ဖိုးများနှင့် အခြေခံမူဝါဒများကို ဖွဲ့စည်းပုံအခြေခံဥပဒေအသွင်ဖြင့် ‘‘ပြည်ထောင်စုအခြေခံမူများ’’ အဖြစ် ပြောင်းလဲရေးဆွဲပြဋ္ဌာန်းသောအခါ မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း အကြံပေးချက်များကို ဤစာစဉ်တွင် ဖော်ပြထားပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် အသွင်ပြောင်း၍ ရေးဆွဲပြဋ္ဌာန်းသောအခါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော ဖက်ဒရယ်အခြေခံမူများ၊ ဒီမိုကရေစီကျင့်စဉ်များနှင့် လွတ်လပ်မှု အခြေခံသဘောတရားများကို သီအိုရီသာမက လက်တွေ့ဘဝတွင် ကြုံတွေ့ခဲ့ရသော သင်ခန်းစာများ ပေါင်းစပ်၍ ပင်လုံစာချုပ်ချုပ် ဆိုသည့်အချိန်မှ နွေဦးတော်လှန်ရေးအထိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးအတွက် ခေတ်အဆက်ဆက်ကြိုးပမ်းမှုများ၊ ထိုသို့ ကြိုးပမ်းရာတွင် ကြုံတွေ့ခဲ့သောအခက်အခဲနှင့် စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် တိုက်ပွဲဝင် တောင်းဆို ချက်များကို ဤစာစဉ်တွင် သမိုင်းရှုထောင့်၊ နိုင်ငံရေးရှုထောင့်နှင့် ဥပဒေရှုထောင့် (၃) သွယ်ဖြင့် ပေါင်းစပ်၍ တင်ပြထားပါသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေး၏ အောင်ပွဲပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုကို အထောက်အကူဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

နွေဦးတော်လှန်ရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသော မြေပြင်သပိတ်တိုက်ပွဲဝင် လူထုကြီး၊ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသော ကဏ္ဍပေါင်းစုံမှ ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်သားများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ရောက် မြန်မာနိုင်ငံသားများ၏ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်ကို ဤစာစဉ်ဖြင့် လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတိုက်ပွဲတွင် ခေတ်အဆက်ဆက် အသက်သွေးချွေးနှင့်ဘဝ ပေးလှူရင်း ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းအပေါင်း တို့ကိုလည်း ဤစာစဉ်ဖြင့် ဦးညွှတ် အလေးပြုအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်...

ဒေါက်တာလျန်မှုန်းဆာခေါင်း
ပြည်ထောင်စုဝန်ကြီး
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၃
(ခေတ္တမဲဟောင်ဆောင်မြို့)