သတင်းထုတ်ပြန်ချက် (၁၇/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၇/၂၀၂၁)
၁ အောက်တိုဘာလ ၂၀၂၁ခုနှစ်

၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် “နိုင်ငံသူနိုင်ငံသားများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အဦ၊ ဥပစာနှင့် ပစ္စည်းများ၊ နိုင်ငံပိုင်မြေနှင့် အဆောက်အဦ နှင့် မြေကွက်များအား အာဏာသိမ်းစစ်ကောင်စီမှ တရားမဲ့ပြုမူဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် ထုတ်ပြန်ခြ့သည်။ အဆိုပါ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်စွဲပါကြေညာချက်အမှတ် (၁၀/၂၀၂၁)နဲ့ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့  လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်အပါအဝင် ယင်းကောင်စီရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆောင်ရွက်ချက်တွေဟာ လုံးဝ (လုံးဝ) တရားမဝင်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တရားမဲ့ပြုကျင့်ဆောင်ရွက်မှုတွေကြောင့် နိုင်ငံသူနိုင်ငံသားတွေပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အဦ၊ ဥပစာနဲ့ ပစ္စည်းတွေအပါအဝင် ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားပျက်စီးဆုံးရှုံးနစ်နာမှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ အစိုးရအာဏာ အပြည့်အဝကျင့်သုံးနိုင်ခွင့်ရရှိတဲ့အချိန်မှာ ဥပဒေနဲ့အညီ တရားမျှတမှု ပြန်လည်ရရှိနိုင်ရေး အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံပိုင်မြေ၊အဆောက်အဦနဲ့မြေကွက်တွေကို အကြမ်းဖက်စစ်ကောင်စီက တနည်းနည်းနဲ့ လွှဲပြောင်းတာ ရောင်းချတာ၊ ငှားရမ်းတာ၊ အကျိုးတူပူးပေါင်းဆောင်ရွက်တာတွေဟာလဲ တရားဝင်မှုလုံးဝ မရှိ တာကြောင့် ချွင်းချက်မရှိ ပြန်လည် သိမ်းယူ သွားမှာဖြစ်ပြီး ဝယ်ယူငှားရမ်းပူးပေါင်းဆောင်ရွက်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့ ဒီလို တရားမဲ့ပြုမူဆောင်ရွက်ချက်တွေကို အထောက်အထားတွေနဲ့ စနစ်တကျမှတ်တမ်းတင်ထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရလက်အောက်က သက်ဆိုင်ရာဝန်ကြီးဌာနတွေက တရားဝင်ဖွင့်လှစ်ထားရှိတဲ့ တိုင်တန်းရမယ့်နေရာတွေကို သတင်းပေးပို့တိုင်တန်းပေးဖို့ကိုလဲ တိုက်တွန်းပန်ကြားကြောင်းတို့ ပါဝင်သည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့အာဏာကိုလုယူခဲ့မှုကြောင့် ဘေးအန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထု အပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ နေရပ်စွန့်ခွာသူတွေနဲ့ စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ ကျဆုံးသူတွေရဲ့ မိသားစုတွေ၊ သဘာဝဘေးအန္တရာယ်ခံစားနေရသူတွေ၊ ထိခိုက်လွယ်အုပ်စုတွေနဲ့ တော်လှန်ရေးကာလအတွင်း ရိက္ခာလိုအပ်ချက်ရှိနေသော ပြည်သူများကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ကနေ စက်တင်ဘာလ ၂၀ ရက်နေ့အတွင်း စုစုပေါင်း ငွေကျပ် (၁.၃၅) ဘီလီယံကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ 

၃။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက “ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေအပေါ် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းချက်”ကို  ၂၀၂၁ ခုနှစ် စက်တင်ဘာ  ၂၆ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် စစ်တပ်၏ မတရား အာဏာသိမ်းရန် ကြိုးပမ်းမှုကို  ဆန့်ကျင်တုံ့ပြန်တဲ့ အနေနဲ့  အာဏာရှင်စနစ်ဆန့်ကျင် တဲ့ နွေဦးတော်လှန်ရေးကို မြန်မာပြည်သူတစ်ရပ်လုံး ဆင်နွှဲခဲ့တာဟာ ၈လခန့်ရှိပြီဖြစ်ကြောင်း၊ အဆိုပါကာလများတွင် အာဏာ သိမ်းစစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို  နေ့စဉ်ရက်ဆက် ကျူးလွန်နေသလို ကျူး လွန်မှုတွေကို  နေရာအနှံ့အပြားမှာ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ အထောက်အထားများကြောင့် နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကြမ်းဖက်ခံနေရတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို  နည်းလမ်းအမျိုးမျိုးနဲ့တွန်းလှန်ရာမှာ အပြစ်မဲ့ ပြည်သူလူထုအပေါ် ထိခိုက်မှုတွေ မရှိစေဖို့  လူ့အခွင့်အရေးကို လေးစားကာကွယ်မှုတွေ ရှိလာစေဖို့ အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ လိုက်နာကျင့်သုံးအပ်တဲ့   စစ်သည်တော်ကျင့်ဝတ်တွေ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းထားပြီးဖြစ်ကြောင်း၊ အဲဒီ ကျင့်ဝတ်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်စွာလိုက်နာကြဖို့ ထပ်လောင်းအသိပေးလိုကြောင်း၊ အပြည်မဲ့ပြည်သူတွေ အထူးသဖြင့် အမျိုးသမီး ကလေးသူငယ် သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ အပါအဝင် အထူးကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တဲ့ သူတွေကို အကြမ်းဖက်ခြင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမှ လုပ်ဆောင်သင့်တဲ့ အရာမဟုတ်ကြောင်း၊ အထူးသဖြင့် ပဋိပက္ခကာလအတွင်း အမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို အထူးကာကွယ်ပေးရမှာဖြစ်တယ်လို့  နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ပြဌာန်းချက်တွေမှာ အတိအလင်း ဖော်ပြထားကြောင်း၊ စစ်ကောင်စီရဲ့ အမျိုးသမီး ကလေးသူငယ်တွေအပေါ် ကျူးလွန်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ဖော်ထုတ်မှတ်တမ်းတင်ပြီး အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက်  ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒါ့ကြောင့် ဘယ်အချိန် ဘယ်နေရာ ဘယ်အခြေအနေမျိုးမှာ ဖြစ်စေ သာမန်အရပ်သားတွေဖြစ်တဲ့  အမျိုးသမီး ၊ ကလေး သူငယ်၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ အပါအဝင် အထူးကာကွယ် စောင့်ရှောက်ပေး ဖို့ လိုအပ်တဲ့ သူတွေကို မထိခိုက်အောင် ကာကွယ်ပေးရမှာဖြစ်ကြောင်း၊ ဘယ်တပ်ဖွဲ့ ဘယ်အုပ်စုကမှ မကျူးလွန်ဖို့လည်း တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်မှာ မိမိနည်း မိမိဟန်နဲ့ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးအနေနဲ့လည်း နိုင်ငံတကာ  လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မိခြင်း မရှိစေဖို့ အထူးဂရုပြုကြဖို့လိုအပ်ကြောင်း စတဲ့အချက်များပါဝင်သည်။ 

၄။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Ann Linde နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲအကြပ်အတည်းများ၊မြန်မာနိုင်ငံတွင်း ဒီမိုကရေအရေးလှုပ်ရှားမှုအခြေအနေများအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါသည်။