အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာပေးပို့

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာပေးပို့

၁ အောက်တိုဘာလ ၂၀၂၁ခုနှစ်


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ အောက်တိုဘာ (၁) ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ၇၂ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ တရုတ်ပြည်သူ အားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန် တောင်းပေး လိုက်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။   တရုတ် ကွန်မြူနစ်တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းဟာ တရုတ်ပြည်သူတွေက သူတို့ရဲ့ ကံတရားကို ကိုယ်တိုင်ဆုံးဖြတ်ပြီး သမိုင်းခေတ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ၊ ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်လို့လဲ ဝန်ကြီးချုပ်က သဝဏ်လွှာ ထဲမှာ ပြောထားပါတယ်။ အိမ်နီးချင်းတွေ အနေနဲ့ မြန်မာနဲ့ တရုတ်တို့ဟာ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ လွတ်လပ်ရေးရအပြီး မြန်မာ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၀ မှာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး နိုင်ငံချင်း ချစ်ကြည်ရေးအုတ်မြစ်ကို တည်ဆောက်ဖို့ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံတလွှား ခရီးဆန့်ခဲ့ပါတယ်။ မြန်မာအစိုးရ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာလဲ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ ကို သွားရောက် လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်၊ ချစ်ကြည်ရေး တိုးမြင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့် ရှိနေပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင် ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။