ဝမ်းနည်းကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
“ဝမ်းနည်းကြောင်း သဝဏ်လွှာ”
၂၀၂၄ခုနှစ်၊ ဇွန်လ ၁ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယက၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ယနေ့နံနက် (၀၈:၄၅)နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ဦးတင်ဦးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲရယူထားချိန် ဖြစ်သည့် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင်လည်း ပြည်သူလူထု အထိအခိုက်နည်းစေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည့်အတွက် အများပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ထိုမျှသာမက ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း တပ်မှူးဟောင်းကြီးများပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာနအရှေ့တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကြီးအား စည်းရုံးဟောပြောခဲ့ရာမှ ပြည်သူ့ထောက်ခံမှု ပိုမိုရရှိလာခဲ့ပါသည်။
ဦးတင်ဦးသည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့် အတူ၊ အခြားသော ဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစတင်၍ ကွယ်လွန်ခဲ့သည့် အချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှု ကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပါသည်။
ဦးတင်ဦးသည် တပ်မတော်သားဘဝ အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာရာထူးကို ရယူထားသည့်အချိန်များတွင် ယင်းရာထူးအာဏာဖြင့် ပြည်သူအပေါ် အနိုင်အထက် ပြုကျင့်မှုမရှိဘဲ ပြည်သူ့တပ်မတော်သားကောင်းတစ်ဦးအဖြစ် ရပ်တည်ခဲ့ခြင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတစ်လျှောက်လုံးတွင်လည်း ပြည်သူနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက် ခဲ့ခြင်း တို့ကြောင့် ပြည်သူလူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယက သူရဦးတင်ဦး ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ များစွာ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးတင်ဦး၏ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ယူ အသိအမှတ် ပြုကာ ယခု ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ထပ်လောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ