ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပပြုလုပ်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ မေလ (၃၀) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တော်လှန်ရေးအောင်မြင်စေဖို့အတွက် ဘဏ္ဍာရန်ပုံငွေသည် အရေးကြီးတဲ့ကဏ္ဍဖြစ်သလို အင်အားစုတွေ စုစုစည်းစည်းနဲ့ အင်အားတွေ ကောင်းလာစေဖို့၊ အချင်းချင်းအကြား အချိတ်အဆက် ကောင်းမွန်စွာနဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်စေဖို့ ကဏ္ဍတွေဟာလည်း အလွန်အရေးကြီးတာဖြစ်လို့ စည်းစည်းလုံးလုံးနဲ့အလုပ်လုပ်နိုင်ကြစေဖို့ လမ်းညွှန်မှုတွေပြုလုပ်စေချင်ပါကြောင်း။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သိသာမြင်သာတဲ့ အချိုးအကွေ့ တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြရမှာဖြစ်ပါကြောင်း။ စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်ပါကြောင်း။ ကျွန်တော်တို့အစိုးရအနေနဲ့ ကဏ္ဍစုံကနေ လစ်ဟာမှုမရှိစေအောင် ကြိုးပမ်းကြ ရမယ့်အချိန်ဖြစ်ပါကြောင်း။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအနေနဲ့ (၂) နှစ်ကျော် စီမံဆောင်ရွက်လာခဲ့တဲ့ လုပ်ငန်းတွေ အစီအမံတွေကို ပြင်ဆင် သင့်တာ ရဲရဲဝံ့ဝံ့ ပြင်ဆင်ဖို့၊ ပြောင်းလဲသင့်တာတွေကို ပီပီပြင်ပြင် ပြောင်းလဲဖို့ လိုအပ်ပါကြောင်း။ အုပ်ချုပ်ရေး ကဏ္ဍကို ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့၊ တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်သင့်တာပြုပြင်၊ ပြောင်းလဲသင့်တာပြောင်းလဲပြီး ဆက်လက် ကြိုးစားကြဖို့ တိုက်တွန်းရင်း" နိဂုံးချုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၈/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၁၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။