သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး မြေပြင်မှ သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့် ယနေ့မွန်းလွဲ (၁း၀၀) နာရီမှ (၄း၀၀) နာရီခန့်အကြာ အွန်လိုင်းအစည်းအဝေးဖြင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ 

၄င်းအစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သော အဖွင့်အမှာစကား ကောက်နုတ်ချက်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

"ဒီနေ့ တွေ့ဆုံစည်းဝေးမှုမှာ အသွေးအရောင်စုံတဲ့ နိုင်ငံရေးအင်အားစုအသီးသီးကို ဆုံတွေ့ခွင့်ရတာဟာ ကျွန်တော်တို့အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စုဖွဲ့မှုအသီးသီးနဲ့ ပြည်သူ့ သဘောထားဆန္ဒအပေါ် အခြေခံပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ယခု တွေ့ဆုံတဲ့ သပိတ်အင်အားစု / တော်လှန်ရေးအင်အားစုအသီးသီးရဲ့ နံပါတ် (၁) ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးဖြစ်ပါတယ်။ နောက်ထပ် ရည်မှန်းချက် နံပါတ် (၂) ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးဖြစ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ယခု တွေ့ဆုံရတဲ့ သပိတ်အင်အားစုအားလုံးကို လက်ရှိ တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာလည်း အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေတာတွေ့ရလို့ လှိုက်လှဲစွာ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း မလျော့သော ဝီရိယထားပြီး ကြိုးစားလုပ်ဆောင်နေကြောင်း အသိပေးတင်ပြချင်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး / စစ်ရေးတပ်ဦးကနေ ဦးဆောင်နေတယ်လို့ ဆိုပေမယ့် တော်လှန်ရေးအင်အားစု အသီးသီး / သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှုကို မရရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး။ ဒါ့ကြောင့် NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကို ကျွန်တော့်အနေနဲ့ အထူး အလေးထားကြောင်း ပြောချင်ပါတယ်။ 

တော်လှန်လူငယ်မျိုးဆက်တွေမှာ  အတွေးအခေါ်သစ်/ အမြင်သစ်နဲ့ တီထွင်ကြံဆမှုအသစ်တွေ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အချိန်ကို ရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်အထိ သပိတ်အင်အားစုအသီးသီးက လူထုနဲ့ နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံး အာရုံမပြတ် စောင့်ကြည့်ရမယ့် သပိတ်လှုပ်ရှားမှုတွေကို ခေတ်အမြင် / ခေတ်အတွေးအခေါ်နဲ့ အစဉ်တစိုက် လုပ်ဆောင်နေတာ  ကျွန်တော့်အတွက် အံ့ဩဝမ်းသာရပါတယ်။ 

စဉ်ဆက်မပြတ်တွေ့မြင်နေရတဲ့ သပိတ်လှုပ်ရှားမှုပုံစံတွေဟာ ပြည်တွင်းက လူထုအတွက်ရော နိုင်ငံတကာ လူထုအတွက်ပါ အံ့ဩမင်သက်ရပါတယ်။ နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်းတွေ ဓလေ့ဟောင်းတွေ အမူအကျင့်ဟောင်းတွေကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့ပြီဆိုတာကို ကျွန်တော် ယုံကြည်ထားပါတယ်။ ဒီနေ့ တွေ့ရတဲ့ သပိတ်လှုပ်ရှားမှုတွေဟာ တော်လှန်ရေးသစ် တစ်ခုကို မွေးဖွားလိုက်ပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းတွေထဲကနေ ဖောက်ထွက်နိုင်ပြီလို့လည်း ယုံကြည်ထားပါတယ်။ 

ယခုတွေ့ဆုံရတဲ့ သပိတ်အင်အားစုတွေမှာ ထောင့်ပေါင်းစုံ စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အကျင့်တွေနဲ့ ကျင့်သားရနေပြီလို့ ကျွန်တော် ခံစားမိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဒီလိုအလေ့အကျင့်တွေဟာ အလိုအပ်ဆုံးဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူမျိုးပေါင်းစုံ ရှိသလို / အလွှာအတန်းစားပေါင်းစုံလည်း ရှိနေပါတယ်။ မတူကွဲပြားတဲ့ အမြင်နဲ့ အသွေ အရောင်စုံတဲ့ အိုင်ဒီယာတွေရှိပေမယ့် လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးဖြစ်ဖို့ အတူတကွ ပေါင်းစည်းလုပ်နိုင်ကြ တယ်လို့ ကျွန်တော် ယုံပါတယ်။ 

တစ်လက်စတည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာလည်း ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့လည်း အနူးညွတ် မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ဒါ့အပြင် အသက်အရွယ် ဖြတ်သန်းမှုအားဖြင့် ငယ်ရွယ်ပေမယ့် တော်လှန်သောသပိတ်အင်အားစုအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေကို လေးစားတန်ဖိုးထားမှု မလျော့ခဲ့ဘူး ဆိုတာ အသိပေးချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးစားစွာ နားထောင်နေပါတယ်။ မှားတာ ရှိရင် ပြင်ဆင်ဖို့ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပါဘူး။ ယခုလည်း ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှာ အခုလက်ရှိ တွေ့ဆုံရတဲ့ သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားပါတယ်။ တော်လှန်ရေးမှာ ပါဝင်သလို တည်ဆောက်ရေးမှာလည်း စွမ်းစွမ်းတမံ ပါဝင်ကြဖို့ အထူးမျှော်လင့်ထားပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ လက်ရှိ မျိုးဆက်သစ်တွေကို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြောင်းလဲအပ်နှံရပါလိမ့်မယ်။ အဲသည့်အတွက် ယခုကတည်းက တော်လှန်ရေးမှာ ပါဝင်ရင်း မိမိကိုယ်ကို အသိပညာကိုယ်ခံအား မြင့်မားနေအောင် တည်ဆောက်ထားကြဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက် ခိုင်ခိုင်မာမာထားပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်သကဲ့သို့ / ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာလည်း ပညာကိုယ်ခံအား မြင့်မြင့်မားမားနဲ့ ပါဝင်ထမ်းရွက်နိုင်ကြဖို့ မျှော်လင့်ကြောင်း  ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….."

အရေးတော်ပုံ အောင်ရမည်...