အမျိုးသားညီညွတ်ရေးအစိုးရ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼️ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက် အဖြစ် ရှုမြင်ဖို့လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား

ဇန်နဝါရီ  ၁၀ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့် နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်။ ဒီနေရာမှာ ကျွန်တော့် ယူဆချက်တချို့ကို တင်ပြချင်တာ ရှိပါတယ်။ နိုင်ငံရေးဆိုတာ “ဖြစ်နိုင်ချေ ရှိတာကိုလည်း လုပ်ရတယ်၊ ဖြစ်ချင်တာကိုလည်း မျက်ခြေပြတ်လို့ မရဘူး” လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကို လုပ်မှလည်း လက်တွေ့နိုင်ငံရေးမှာ ရလဒ်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ရလဒ်မပြနိုင်တဲ့ ကိစ္စတွေနဲ့ပဲ ဝဲလည်လိုက်နေလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။ ”‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်။ လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြရမယ်ဆိုတာနဲ့ နိုင်ငံရေးမှာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီးတာ မှန်ပေမယ့် သူ့ချည်းသက်သက်နဲ့ လုံးဝ မရဘူးဆိုတာနဲ့ လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးဟာ နေရာတိုင်းမှာ အရှိန်အဟုန်နဲ့ သွားနေချိန်မို့ တော်လှန်ရေးအင်အားစုတွေဘက်က အားသာမှုတွေ၊ အောင်မြင်မှုတွေကို ကြားသိရလို့ ဝမ်းသာအားတက်မှုတွေ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို ကြားသိရတာ  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်နေ့နဲ့ ၆  ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပုသိမ်ထောင်တွင်း  အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်ဟာဆိုရင် အကြမ်းဖက်စစ်အုပ်စု  လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက် ထောင်တွင်းအကြမ်းအဖက်မှုတွေ လုပ်ဆောင်လာတာ ဒီတစ်ခေါက် တော်လှန်ရေးမှာ ပိုမိုဆိုးရွားတဲ့ ညှင်းပန်း နှိပ်စက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုတွေ ပြုလုပ်နေတာကို အင်မတန် စိတ်ပျက်ဖွယ် တွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခုဖြစ်စဉ်အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းကာ သက်ဆိုင်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမှု ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒီရက်ပိုင်းတွေထဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အနုပညာရှင် တွေ၊ social influencer တွေ၊ fundraising community တွေနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ သူတို့အားလုံးဟာ တော်လှန်ရေးကို အခုအခြေအနေထိ ရောက်အောင် ဝိုင်းဝန်းတွန်း အားပေးပြီး ပြည်သူ့ဘက်က ရပ်တည်နေကြတဲ့၊ တော်လှန်ရေးအတွက် အားထားရတဲ့ ပြည်သူ ထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ သူတို့တွေနဲ့ တွေ့ဆုံရတာ အင်မတန် အားရှိပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အဖက်ဖက်မှ ကန့်သတ်မှုတွေ၊ အခက်အခဲတွေ ကြားကနေပြီး ကြိုးစားလုပ်ဆောင်ပေးနေကြတဲ့၊ တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ပံ့ပိုးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်မှုနဲ့အတူ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဒီ့ထက်ပိုပြီး ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရုံးအနေနဲ့ CDM Focal တွေဆုံခဲ့သလို CDM တွေ ဖြစ်စေချင်တာတွေကို နား ထောင်ခဲ့တယ်ဆိုတာနဲ့ CDM တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အစီအစဉ်တွေကို CDM Success Committee က ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ် က ဆွေးနွေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက MOHADM One Year Plan Phase 1 completion တင်ပြတာ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက တော်လှန်ရေးအခြေအနေအား သုံးသပ်တာနဲ့ အောင်မြင်စေ နိုင်တဲ့ နည်းလမ်းများအား အကြံပြုတင်ပြတာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နံမှုဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနက Early Partnership Programme နဲ့ ပတ်သက်ပြီး မိုးကုတ်ရတနာမြေ ကိစ္စတင်ပြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။