“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် မူဝါဒ သဘောထားထုတ်ပြန်ချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

ကြေညာချက်အမှတ် (၁၀/၂၀၂၃)

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် မူဝါဒ သဘောထားထုတ်ပြန်ချက်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်စပ်လျဉ်း၍  မူဝါဒသဘောထားကို ၂၀၂၁၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သော ‘‘အစိုးရအဖွဲ့ အစည်းအဝေး’’ တွင် ချမှတ်နိုင်ခဲ့ပါသည်။ ယခုအခါ မတရားအာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်ကောင်စီက NCA စာချုပ်ကိုအသုံးချ၍ နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးပမ်းမှုများ ဆောင်ရွက်နေခြင်း ကြောင့်သော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတချို့က NCA စာချုပ်အရ ဖွဲ့စည်းခဲ့သော ‘‘ပူးတွဲစောင့် ကြည့်ရေးကော်မတီ’’ (JMC) ကို အသုံးချ၍ လူသားချင်းစာနာထောက်ထားရေးအကူအညီများကို အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် ကြိုးပမ်းမှုများရှိနေခြင်းကြောင့်သော်လည်းကောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မူဝါဒသဘောထားကို အများပြည်သူ သိရှိနားလည်နိုင်စေရန် အောက်ပါအတိုင်းထုတ်ပြန် ကြေညာအပ်ပါသည်။

(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။ အကြမ်းဖက် စစ်တပ်နှင့် ချုပ်ဆိုထားသောစာချုပ်မဟုတ်ပါ။

(၂) အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်းရုံမျှဖြင့် အစိုးရတရပ် ဖြစ်မလာပါ။ မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်သူ လူထုတရပ်လုံးကသော်လည်းကောင်း၊ နိုင်ငံတကာကသော် လည်းကောင်း အစိုးရအဖြစ် အသိအမှတ် ပြုခြင်း လုံးဝမရှိပါ။

(၃) ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ပြည်သူလူထုကို ကိုယ်စားပြုသော တရားဝင် အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာဖြစ်သည်။

(၄) NCA စာချုပ်သည် အကြမ်းဖက် စစ်တပ်နှင့်ချုပ်ဆိုထားသော စာချုပ်မဟုတ်ခြင်းနှင့် မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်ကောင်စီသည် တရားဝင် အစိုးရ မဟုတ်ခြင်းတို့ကြောင့် NCA စာချုပ်ကို အကောင်အထည်ဖော်ရန် အကြမ်းဖက် စစ်ကောင်စီတွင် တာဝန်လည်း မရှိ၊ လုပ်ပိုင်ခွင့်လည်းမရှိပါ။

(၅) NCA စာချုပ်တွင် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း ‘‘အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများကို ရပ်ဆိုင်းထားကြောင်း’’ ၂၀၂၁၊ ဖေဖော် ဝါရီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU- Karen National Union)၊ တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် ‘‘စစ်အာဏာသိမ်းခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲ လမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီးဖြစ်သည်’’ ဟု ထုတ်ပြန်ကြေညာခဲ့သည်။

(၆) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ညှိနှိုင်းဆွေးနွေး သဘော တူညီချက်အရ ‘‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ’’ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘‘ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း’’ ပြုလုပ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုထားသော NCA အရ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သည် အလိုအလျောက် ဦးတည်ချက်ပျောက်၍ အဓိပ္ပာယ်လည်း ကင်းမဲ့သွားကြပါသည်။ 

(၇) NCA စာချုပ်ကို အခြေခံ၍ ရေးဆွဲထားသော ‘‘နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်’’ နှင့် နိုင်ငံရေး ဆွေးနွေးပွဲယန္တရားများဖြစ်သည့် JICM၊ UPDJC နှင့် JMC တို့သည်လည်း ဦးတည်ချက်ပျောက်ကာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အလိုအလျောက် ပျက်ပြယ် ရပ်တန့်သွားခဲ့ကြပါသည်။

(၈) ယခုအခါ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအခြေခံမူများနှင့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဖော်ထုတ်ရန် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ပြီး၊ ယင်းတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးလမ်းပြမြေပုံများကိုဖော်ပြထားပါသည်။ထို့ကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသာမက နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ်တွင်သာ အခြေခံ၍ ဆောင်ရွက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက လေးနက်စွာ ခံယူထားပါသည်။

(၉) အကြမ်းဖက်စစ်ကောင်စီသည် NCA ကို အသုံးချ၍ နိုင်ငံရေးထွက်ပေါက်ရှာရန် နိုင်ငံရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများ၊ ရှုပ်ထွေးမှုများဖြစ်လာစေရန် အကွက်ဆင် ဖန်တီးလျက်ရှိကြောင်း တွေ့ရှိပါသည်။ ထို့အပြင် NCA စာချုပ်ကို အခြေခံ၍ ဖွဲ့စည်းထားသော ‘‘ပူးတွဲစောင့်ကြည့်ရေးကော်မတီ’’ (JMC) ကို အသုံးချ၍ ‘‘လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ’’ ပေးအပ်ခြင်း ကို ဆောင်ရွက်မည်ဟုလည်း ကြားသိရပါသည်။ ယင်းလုပ်ရပ် များသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို ဦးတည်သည့် ဆောင်ရွက်ချက်များ ဖြစ်သောကြောင့် အသိအမှတ်ပြုလက်ခံမည်မဟုတ်ပါ။ NCA စာချုပ်ကို အကြောင်းပြု၍ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းမှန်သမျှ ကိုလည်း အသိအမှတ်ပြုမည် မဟုတ်ပါ။

(၁၀) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါနိုင်ငံရေးလမ်းပြမြေပုံ၏ဦးတည်ချက်သည် Regime Change မဟုတ်၊ System Change ဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနှင့် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စီမံချက်များကို ထိုလမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည်။

(က) အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းရန် ကြိုးပမ်းမှုမှန်သမျှကို အပြီးသတ် ဖယ် ရှားမည်။

(ခ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းပြီး ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (TNUG) ကို ဖွဲ့ စည်းမည်။ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အသွင် ကူးပြောင်းရေးကာလ အစိုးရများကို လည်း ဖွဲ့စည်းမည်။

(ဂ) အသွင်ကူးပြောင်းရေးကာလတွင် အားလုံးပါဝင်သော ‘‘တိုင်းပြုပြည်ပြုညီလာခံ’’ ကို ခေါ်ယူ ကျင်းပပြီး အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းမည်။

(ဃ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ အမြဲတမ်း ကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ စစ် တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်း အလျှင်းမရှိစေရဟူသော ‘‘မူ’’ ကို အခိုင်အမာ ပြဋ္ဌာန်းပေးရမည်။ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှု အောက်တွင် အပြည့်အဝထားရှိရမည်ဟူသော ‘‘Civilian Supremacy’’ ကို ပြဋ္ဌာန်း ကာကွယ်ရမည်။

(င) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဖော်ဆောင်ပြီး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးကို ဖော်ဆောင် ရမည်။

(စ) စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိစေရဟူသော ‘‘မူ’’ နှင့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့အား လုံးသည် အရပ်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရမည်ဟူသော ‘‘မူ’’ တို့ကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေးကို ဦးတည်သည့် လုံခြုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရမည်။

(ဆ) အသွင်ကူးပြောင်းရေးကာလဆိုင်ရာအစီအမံများကို စနစ်တကျဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော နိုင်ငံတကာ အထောက်အကူများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည်။

အမျိုးသားညီညွတ်ရေးအစိုးရ