အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://www.nugmyanmar.org

“အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်”

၂၀၂၄ ခုနစ်၊ ဇွန်လ (၇) ရက်

အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်း သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ သည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၃)၊ ပုဒ်မ (၂၄) ပါ “ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝခံစားခွင့် ရှိရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းသိပိုင်ခွင့် တို့ကို လေးနက်စွာ အသိအမှတ်ပြုပါသည်။ ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက် အပိုဒ် (၆) ပါ “ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်” ဟူသည့် ကတိ ကဝတ်အတိုင်းလည်း ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။ 

အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပါသည်။

ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ် ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့်   ဖြတ်တောက်ခြင်းများကို  လက်နက်သဖွယ် အသုံးပြုလာနေပါသည်။ ထို့အပြင် အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှု ကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်း အတွင်းရှိ ဆက်သွယ်ရန်နံပါတ် (Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာတခုကို တီထွင်၍ ပြည်သူလူထု၏  ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy) ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစား လာသည်ကို တွေ့ရပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အများ၏ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် စသည်တို့ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ရန်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ရေးက အဓိကကျသည့်အတွက် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့်လည်း လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံ အားပေး ပံ့ပိုး ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ