အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တို့တွေ့ဆုံ

သတင်းထုတ်ပြန်ချက် (၂၀၂၄၊ ဇွန်လ၊ ၇ ရက်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့နှင့်တွေ့ဆုံ

၁။ ၂၀၂၄ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည်  တောင်သြစတြေးလျပြည်နယ်လွှတ်တော်၌ တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့အား ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေးချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြသည်။

၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာနိုင်ငံပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့သည်။ The Honourable Tung Ngo MLC နှင့် the honourable John Fulbrook တို့ကလည်း ၄င်းတို့သည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

၃။ တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison  တို့က နေ့လည်စာဖြင့် ပြည်နယ်လွှတ်တော် အဆောက်အဦတွင် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ်စာစားပွဲတွင် ဝန်ကြီး H.E. Zoe Bettison  က တောင်သြစတြေးလျပြည်နယ်၏ ရိုးရာယဉ်ကျေးမှုစနစ်၊ အကောင်အထည်ဖော်မှုဆိုင်ရာများနှင့်ပတ်သက်၍   သူမ၏အတွေ့အကြုံများကို မျှဝေခဲ့သည်။ ယဉ်ကျေးမှုပေါင်းစုံစနစ်ကို တောင်ဩစတြေးလျ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နေသည့် အတွေ့အကြုံများက အနာဂတ်တွင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေနိုင်မည့် အတွေးအခေါ်ကောင်းများ ရရှိနိုင်မည်ဟု လည်း H.E. Zoe Bettison က ပြောကြားခဲ့သည်။

၄။ နေ့လယ်စာသုံးဆောင်ပြီးနောက်တွင် H.E. Zoe Bettison က ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပါလီမန်ကျင်းပချိန်တွင် ဝင်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားခဲ့သည်။    တောင်သြစတြေးလျ ပါလီမန်၊ အောက်လွှတ်တော် သဘာပတိ the Honourable Leon Bignell က ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ကြိုဆိုခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပါလီမန် ကျင်းပနေပုံနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာခဲ့ကြသည်။

၅။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဒီမိုကရေစီ မဟာမိတ်များ၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ပြီး တောင်သြစတြေးလျပြည်နယ်ပါလီမန်က နွေးထွေးစွာ ဧည့်ခံခဲ့ခြင်းနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။