အမျိုးသားညီညွတ်ရေးအစိုးရ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အားလုံးဟာ တော်လှန်ရေးအရ ကိုင်စွဲတဲ့ နည်းနာတွေ မတူညီကြပေမယ့် လျှောက်တဲ့ လမ်းက အတူတူပဲဆိုတာကို သိမြင်ကြဖို့အတွက် ယာယီသမ္မတကြီး ပြောကြား

မေ ၉  ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  ‘အခုဆိုရင် နွေဦးတော်လှန်ရေးဖြတ်သန်းမှုကာလဟာ (၃) နှစ်ထဲကို ချည်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ကြာညောင်းလာတာနဲ့အမျှ ပြည်သူလူထုရဲ့ စိတ်ရှည် သည်းခံ နိုင်မှု လည်း အတိုင်းအတာတစ်ခုအထိရှိနေပါတယ်။ သို့သော်လည်း လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ်။ လူထုထဲမှာ ဘယ်လိုပဲ သဘောထားအမြင်တွေ ကွဲပြားနေသည်ဖြစ်စေ လူထုဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကို လုံးဝပြန်မရောက်ချင်ကြ တော့ဘူးဆိုတာ သိသာ ထင်ရှားပါတယ်။ တော်လှန်ရေးဆိုတာကလည်း ဒီရေလို တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်တတ်တာ သဘာဝ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားရေချိန် ဆိုတာလည်း အတက်အကျ ရှိတတ်တာမို့ လူထု သဘောထားကိုလည်း ရှေ့ရှုနေရမှာ ဖြစ်သလို၊ တော်လှန်ရေးရလဒ် ထွက်အောင်လည်း ဦးတည် ကြိုးစား နေရပါလိမ့်မယ်။ လူထုရဲ့ စိတ်နေသဘောနဲ့ လိုက်လျောညီထွေစွာ အလိုက်သင့် အလျားသင့် ရှုမြင်သုံးသပ်ပြီး တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်မှုနဲ့အတူ အောင်ပွဲရလဒ်တွေကို ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်ရပါလိမ့်မယ်။ နိုင်ငံရေးရဲ့ သဘောဟာ နယ်ပယ် ကဏ္ဍအလိုက် လှုပ်ရှားမှု ပုံစံတွေ မတူကြဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိချပ်သင့်တာက ကျွန်တော်တို့ အားလုံးဟာ တော်လှန်ရေးအရ ကိုင်စွဲတဲ့ နည်းနာတွေ မတူညီကြပေမယ့် လျှောက်တဲ့ လမ်းက အတူတူပဲဆိုတာကို သိမြင်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်း သွားသူချင်း တတ်နိုင်သမျှ ညီညီညွတ်ညွတ်နဲ့ ဖေးမ လျှောက်လှမ်းကြမှ သင့်တော်ပါ လိမ့်မယ်။ ဒီမိုကရေစီရဲ့ အခြေခံနှုန်းစံတွေထဲမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်နဲ့ လွတ်လပ်စွာ ပြောဆို ဖော်ပြ ခွင့်တွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုလည်း လူမှုအရပ်ဘက်နယ်ပယ်က တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဝန်းအဝိုင်းက လူတွေဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်မှုတွေ / အားမလို အားမရမှုတွေ ပေါ်ပေါက်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးဆိုတာ အသက် သွေးချွေးနဲ့ အရင်းအနှီးပေါင်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံပြီး လျှောက်လှမ်းကြရတဲ့ ဖြစ်စဉ်တစ်ခုမို့ ဖြစ်ပါတယ်။‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘ကျွန်တော်တို့အစိုးရအနေဖြင့်လည်း လူထု လူတန်းစား အလွှာအသီးသီးက အသံတွေကို အမြဲတစေ နားစွင့်နေဖို့ လိုအပ်ပါတယ်။ လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့ အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာလည်း လူထုထဲက ပြည်သူလူထုဖြစ်တာမို့ အားနည်းချက် အားသာချက်တွေ ရှိထားသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့အတွင်းမှာလည်း လိုအပ်ချက်တွေ ရှိနေလိမ့်မယ်။ ဒီလို လိုအပ်ချက်တွေကို နည်းနိုင်သမျှ နည်းအောင် ဖြည့်ဆည်းပြီး ကြိုးစားနေကြရမှာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး ခရီးရှည်ကြီးကို လျှောက်လှမ်းနေ ကြရတာ ဖြစ်လို့ စိတ်ရှည်သည်းခံနိုင်စွမ်းကို ယခုထက် မြှင့်တင်မှ ကောင်းပါလိမ့်မယ်။ တော်လှန်ရေး ကာလအတွင်းမှာ ပြဿနာကြီးကြီးမားမားတွေလည်း ပေါ်လာသလို၊ ပြဿနာ အသေးအမွှားတွေလည်း ပေါ်ပေါက်လာပါတယ်။ သာမန်ညောင်ည အသေးအမွှားပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံး မသွားကြဖို့ အထူးအရေးကြီးတယ်လို့ တိုက်တွန်းလိုပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ အထူးတိုက်တွန်းလိုတယ်ဆိုတာနဲ့ မုန်တိုင်းဘယ်လောက်ပြင်းထန်ပါစေ လှေကို အားလုံး တက်ညီလက်ညီနှင့် လျော်ခတ်သွားရမှာဖြစ်ပြီး မုန်တိုင်းအလွန်မှာ သာယာပျော်ရွင်တဲ့အချိန်ကို အတူတကွ ရောက်သွားမှာ ဖြစ်တယ်ဆိုပြီးတော့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ဒီနွေဦးတော်လှန်ရေးကြီးကို တော်လှန်ရေးအင်အားစုများ အားလုံးနဲ့အတူ ညီညီညာညာ တိုက်ပွဲဝင်နေကြတဲ့ KNU-ကရင်အမျိုးသား အစည်းအရုံး ရဲ့ ၁၇ ကြိမ် မြောက် ကွန်ဂရက် အောင်မြင်စွာ ကျင်းပပြီးစီးပြီး တော်လှန်ရေးသမိုင်းကြောင်း အစဉ်အလာကြီးခဲ့တဲ့၊ ကြီးလေးတဲ့ သမိုင်းပေးတာဝန်တွေကို လက်ဆင့်ကမ်းယူကြရမယ့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခေါင်းဆောင်ကြီးတွေကိုလည်း ရွေးကောက်တင်မြှောက်နိုင်ခဲ့ကြောင်း သိရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးကြား တည်ဆောက် ရရှိထားပြီးဖြစ်တဲ့ မဟာမိတ်ဆက်ဆံရေးကို ယခုထက် ပိုမိုအားကောင်းစေပြီး တော်လှန်ရေးအတွက် အကောင်းဆုံး အားတွေ ဖြစ်စေဖို့ အတွက်လည်း စုပေါင်းခေါင်းဆောင်မှုနဲ့ အတူတကွ ဆက်လက် ချီဆက်သွားနိုင်ဖို့ ယုံကြည် ကြောင်းလည်း ပြောကြားလိုပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အိမ်နီးနား ချင်းနိုင်ငံတွေနဲ့ အာဆီယံဘက်မှာလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ခပ်စိပ်စိပ် လှုပ်ရှားဆောင်ရွက် နေကြတဲ့ အသံတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကိစ္စတွေကို အလေးထား စဉ်းစားပေးကြတဲ့ အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးကို အထူးကျေးဇူးတင်သလို တဆက်တည်း အသိ ပေး ပြောကြားလိုတာက လူထုထောက်ခံမှု ရှိထားပြီး တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်း ပေးနိုင်မယ့် အစိုးရဖြစ်ပြီး တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းပြန်လည် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်မယ့် တစ်ခုတည်းသော အစိုးရဖြစ် တယ်ဆိုတာကို သိစေလိုပါတယ်။ ရှိသမျှ ပြည်သူကို ရန်သူလို သဘောထားပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်တွေကစလို့ သက်ကြီးရွယ်အိုတွေပါမချန်၊ ဆေးရုံဆေးခန်း စာသင်ကျောင်းတွေ အားလုံးကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေတဲ့ စစ်ကောင်စီကတော့ ဘယ်တော့မှ ပြည်သူတွေ အတွက် အစိုးရတစ်ရပ် မဖြစ်နိုင်တာ အားလုံး သိရှိနားလည်ကြ ပြီးသားနေမှာပါ။ နိုင်ငံတကာထံ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေ၊ ဖြစ်စဉ်အမှန်တွေ ထိထိ ရောက်ရောက် ရောက်ရှိနိုင်ရေးအတွက် လည်း ကျွန်တော်တို့ နိုင်ငံခြားရေးတာဝန်ရှိသူများရော၊ နိုင်ငံတကာဘက် သွားလာလှုပ်ရှားနေကြတဲ့ တာဝန်ရှိသူများရော၊ သတင်းပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေ စီမံဆောင်ရွက်နေကြသူတွေအားလုံး ရော ဒီထက်ပိုမို ကြိုးစားအားထုတ်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အထူး အစည်းအဝေး မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူနိုင်ရေး ကိစ္စရပ်တွေအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ ‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘အခုအချိန်ကာလဟာ နိုင်ငံရေးအရ ချိန်ဆ လုပ်ဆောင်ကြရတာတွေ အလွန်များတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေက အဖက် ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တစ်ဖက်က သူ ဖိနှိပ်လို့ ရမယ့် နေရာ ဒေသတွေမှာ ရနိုင်သ‌လောက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ပါဝင်နေမှု တွေကို အကြောက်တရားတွေနဲ့ ရပ်တန့်အောင် ပြုလုပ်နေသလို တစ်ဖက်ကလည်း တော်လှန်ရေး အင်အားစုတွေကြား အချင်းချင်း အယုံအကြည်မဲ့စေအောင် သွေးခွဲခြင်းတွေကိုလည်း အကွက်ကျကျ စီမံဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘက်မှာလည်း ကျွန်တော်တို့ တော်လှန်‌ရေး အင်အားစုတွေကို အကြမ်းဖက်တွေ ဖြစ်သယောင်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း မညီညွတ် သယောင် သတင်းတွေ ထုတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာ အားလုံးလည်း ကြားသိထားပြီးဖြစ်တာကြောင့် အစစအရာရာ သတိကြီးကြီးထား စီမံဆောင် ရွက်ကြဖို့ လိုသလို မြန်မြန်ဆန်ဆန် တုံ့ပြန်မှုတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ နိုင်ငံရေးအရ ချိတ်ဆက်စီမံဆောင်ရွက်နေမှုတွေကို အင်ပြည့် အားပြည့် လုပ်ဆောင်နေကြသလို တစ်ဖက်ကလည်း အစိုးရအဖွဲ့အတွင်း စီမံဆောင်ရွက်သင့်တာတွေ၊ စီမံဆောင်ရွက်ရမှာတွေကို မနားမနေ လုပ်ဆောင် နေကြတာကို နားလည်ပါတယ်။ အရေးကြီးတာက လုပ်ဆောင်ချက်တိုင်း အရာထင်ဖို့ လိုပါတယ်။ အရွေ့မရှိတဲ့ ဆောင်ရွက်မှုတိုင်းဟာ မဆောင်ရွက်တာနဲ့ တူတူပါပဲ။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် တော်လှန်ရေးဦးဆောင်တဲ့ အစိုးရဖြစ်တာနဲ့ အညီ အချင်းချင်း တစ်ဦးနဲ့ တစ်ဦးကြား နားလည်မှု၊ ညီညွတ်မှုတွေနဲ့ ရှေ့ဆက်ပြီး မဟာမိတ် တော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့ ခိုင်ခိုင်မာမာ လက်တွဲကြဖို့အတွက်လည်း တိုက်တွန်းပြောကြားထားပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။