“တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

ကြေညာချက်အမှတ်(၂၃/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

“တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

(၁) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် PDF များအား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံခဲ့သည်ကိုတွေ့ရှိရသည်။ အဆိုပါ ဗွီဒီယိုတွင် ပါဝင်သော လုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖည်လျက်ရှိသည်။ 

(၂) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိမရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အညီလုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွှန်ကြားထားပြီး ဖြစ်သည်။

(၃) အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။ 

(၄) ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။

(၅) အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့ကဲ့သို့ပင် အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်မိစေရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ် ကြစေလိုပါသည်။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင် နေကြရသော်လည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့  တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေး  ရဲဘော်များအနေဖြင့် ဂရုပြုကြရန်လိုအပ်ပါသည်။ 

(၆) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မုန်းတီးမှု၊ ဖိနှိပ်မှုများမှကင်းဝေးပြီး အပြန်အလှန်မှီခိုမှု၊ ကရုဏာရှိမှု၊ အပြန်အလှန် ကူညီစောင့်ရှောက်မှု တို့ကိုအခြေခံသည့် လွတ်လပ်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုမျှော်ရည်လျက် ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ