အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက် 

တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ နေ့စဉ်နှင့်အမျှဖြစ်ပေါ်ကြုံတွေ့နေရ တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဝန်ကြီးဌာနအချင်းချင်းသော်လည်းကောင်း၊ ဌာန တာဝန်ရှိသူများအချင်းချင်းသော်လည်းကောင်း ချိတ်ဆက်ပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်း ပေးနေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ 

 ဒီတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ တမူးမြို့က ဒလန်လို့ယူဆရတဲ့ အမျိုးသမီးတဦး  ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ထုတ်ပြန်ချက်တခု မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ဖြစ်စဉ်ကို ကြားလျှင်ကြားချင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းတွေပြုလုပ်ဖို့ ညွှန်ကြားထားတယ် ဆိုတာကိုလည်း သိရပါတယ်။  အကယ်၍ ပါဝင်ပတ်သက်ခဲ့တယ်ဆိုရင်လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း မိမိတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအားလုံး စစ်ဘက်ဆိုင်ရာဥပဒေတွေ စစ်ရေးညွှန်ကြားချက်တွေကို သေချာ လိုက်နာဆောင်ရွက်ဖို့ ကြပ်ကြပ်မတ်မတ်စီမံ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ပန်းတိုင် ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့အကြမ်းဖက်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင် နေကြတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်သလို တရား လက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီသတင်းစကားကို တော်လှန်ရေးရဲဘော်တွေဆီ ပြန်လည်သယ်ဆောင်သွားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းလိုပါတယ်။ 

 တော်လှန်ရေးရဲ့ ဒီလိုအချိန်မျိုးဟာ အင်မတန်သတိကြီးကြီးနဲ့သွားရမယ့်အချိန် ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း လက်နက်နဲ့ပြည်သူကို ခြိမ်းခြောက် ပြီး ၁ပတ်၂ပတ်နဲ့ အောင်မြင်မယ်ထင်ခဲ့တဲ့ မတရားအာဏာသိမ်းမှုဟာ အခု ၂နှစ်နီးပါးကာလအထိ ပြည်သူရဲ့ဇွဲထက်သန်စွာ တောင့်ခံမှုကြောင့် ဘယ်နေရာကိုမှ ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးစားလာတဲ့ အချိန်၊ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့်ကိစ္စရပ်တွေ တခုပြီးတခုဖန်တီးလာတဲ့အချိန် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ဆွဲဆောင်မှုတွေ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ တဘက်က ပြည်သူတွေအနေနဲ့ လည်း စစ်ကောင်စီရဲ့မတရားဖိနှိပ်မှုတွေကြောင့် စိတ်ရောကိုယ်ပါဖိစီးလာချိန်၊ ဒီလိုအခြေအနေမျိုးတွေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်တွဲညီညီ၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ပြည်သူကို ကောင်းမွန်စွာဦးဆောင်မှုပေးပြီး အရှိန်အဟုန်နဲ့ပန်းတိုင်ဆီမြန်မြန်ရောက်အောင် ချီတက်နိုင်ကြဖို့လိုပါတယ်။ 

 ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ မဟာမိတ်ဆက်ဆံရေးကဏ္ဍတွေကို ဟန်ချက်ညီညီ စီမံဆောင်ရွက်သွားနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ နိုင်ငံခြားရေးကဏ္ဍဘက်မှာဆိုရင် လည်း နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာနအပြင် လူ့အခွင့်အရေးဝန်ကြီးဌာနကပါ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် ပေးနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားရကျေနပ်မှုရှိပါတယ်။ 

 စစ်ရေး နဲ့ အုပ်ချုပ်ရေးကတော့ အတူလက်တွဲပြီး ထိထိရောက်ရောက် လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ မိမိတို့ဘက်က အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့မြို့တွေမှာ လုံခြုံရေး ကဏ္ဍအားကောင်းမှ အခြားကဏ္ဍတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီမှာဆိုရင် ဝန်ကြီးဌာနတွေရဲ့ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုတွေ အား ကောင်းတာ မြင်တွေ့ရပါတယ်။ လုံခြုံရေးဆိုင်ရာ နဲ့ အုပ်ချုပ်ရေးဆိုင်ရာ မြေပြင် အခက်အခဲတချို့ရှိနေပေမယ့် ဒီအခက်အခဲတွေဟာ ပူးပေါင်းဖြေရှင်းလို့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်တာကြောင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ မနေ့ က ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဒေသအလိုက်ပူးပေါင်းပါဝင်ကူညီလုပ်ဆောင်ပေးဖို့ ဆန္ဒရှိနေကြတာမို့ အဲဒီအင်အားတွေ ပါ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်စေချင်ပါတယ်။ 

 ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခက်အခဲတွေ ဘယ်လောက် ရှိရှိ ကျွန်တော်တို့ချမှတ်ထားတဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားပြီး ရည်မှန်းထားခဲ့တဲ့အတိုင်း ဒီတစ်နှစ် ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်နှစ် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားကြတဲ့အခါမှာ မဟာမိတ် အင်အားစုတွေ၊ တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေ အားလုံးနဲ့ တက်ညီလက်ညီ ဟန်ချက်ညီညီ ဖြစ်နိုင်ဖို့ကတော့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များရဲ့ တာဝန် ဖြစ်တာမို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ 

အရေးတော်ပုံ အောင်နေပြီ...