“အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၈) ရက် 

“အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် ကြေညာချက်”

၁။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားအချို့ကို  မတရားဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ဖြစ်ရပ်သည် တော်လှန်ရေးတစ်နှစ်နှင့် ၉ လကျော်ကာလအတွင်း နိုင်ငံအဝှမ်းရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နည်းလမ်းပေါင်းစုံဖြင့် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေခြင်း၊ နိုင်ငံတကာ၏ စဉ်ဆက်မပြတ် ဖိအားပေးနေခြင်းတို့ကြောင့် ဖြစ်တည်လာခဲ့သော ပြည်သူ့အောင်ပွဲတစ်ခုဖြစ်သည်မှာ ထင်ရှားပါသည်။ 

၂။ အသက်နှင့်ခန္ဓာမြဲလျက် ပြန်လည်လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက်မိပါသည်။ သို့ရာတွင် ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရသူများဖြစ်ခြင်း၊ မတရားဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသူများစွာ ကျန်ရှိနေခြင်း၊ ပြန်လည်လွတ်မြောက်လာခြင်းမရှိတော့ပဲ စစ်ကြောရေးတွင် ကျဆုံးခဲ့ရသူများ၊  ထောင်တွင်း သတ်ဖြတ်ခံရသူများ ရှိခဲ့ခြင်း၊ တော်လှန်ရေးကာလတစ်လျှောက် အသက်သွေးချွေးများရင်းနှီးပေးဆပ် ခဲ့ကြသူများစွာရှိနေခြင်း စသည့်အချက်တို့ကို အမှတ်ရနေရမည်ဖြစ်ကာ ထိုကဲ့သို့သော မတရားမှုများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိစေရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစိုက်မတ်မတ် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။ 

၃။ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာခြင်းကဲ့သို့သော တော်လှန်ရေး ရလဒ်ကောင်းများ ရရှိလာခြင်း၏ အခြေခံအင်အားဖြစ်သော တစ်နှစ်ခွဲကျော်ကာလအတွင်း အလံမလှဲစတမ်း နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးကို ဆင်နွှဲခဲ့၊ ဆင်နွှဲနေကြဆဲဖြစ်သော တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ သပိတ်အဖွဲ့များနှင့် တိုင်းရင်းသားမဟာမိတ်များအားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုသည်။ ထို့အတူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုပဲ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပေးခဲ့ကြသော နိုင်ငံတကာအသိုင်းအဝိုင်းကိုလဲ အထူးကျေးဇူးတင်အပ်ပါသည်။ လက်ရှိရရှိနေသော တော်လှန်ရေးရလဒ်ကောင်းများကို အခြေပြု၍ မြန်မာနိုင်ငံတွင် ခိုင်မာသေချာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေရေး တော်လှန်ရေးကို အရှိန်အဟုန်မပျက်စေပဲ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ 

၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တ နေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ကို မျက်ခြေပြတ်မခံပဲ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ ပန်းတိုင်ကို လက်ဝယ်ပိုင်ပိုင်လှမ်းကိုင်နိုင်သည်အထိ တိုင်းရင်းသားမဟာမိတ်များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ကတိပြုပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ