NUG ယာယီသမ္မတတိုက်တွန်းပြောကြားသည့် ‘အမျိုးသားရေး’ ဆိုတဲ့စကားလုံးဝေါဟာရ

‘အမျိုးသားရေး’ ဆိုတဲ့စကားလုံးဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန်နဲ့ နှစ်ပေါင်း (၇၀) ကျော်အတွင်းမရခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို NUG လက်ထက်မှာရရှိ အောင်တည်ဆောက်လိုကြောင်း NUG ယာယီသမ္မတတိုက်တွန်းပြောကြား

နိုဝင်ဘာ ၁၇ ၊ ၂၀၂၂ 

‘အမျိုးသားရေး’ ဟူသည့် စကားလုံးဝေါဟာရမှာ ပြည်ထောင်စုတစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန်နဲ့ နှစ်ပေါင်း (၇၀) ကျော်အတွင်းမရခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို NUG လက်ထက်မှာရရှိ အောင်တည်ဆောက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှိးလက နိုဝင်ဘာ ၁၇ ရက် မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“  “အမျိုးသား” ဆိုတဲ့ စကားလုံးဝေါဟာရ အနက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုး တစ်မျိုးချင်းစီဟာ “အမျိုးသားရေး” လို့ပြောရင် ကိုယ့်သွေးသားဗီဇနဲ့ တိုက်ရိုက် ဆက် စပ်နေတဲ့ လူမျိုး ရေးလို့ပဲ တွေးထင်တတ်ကြပါတယ်။ ‘အမျိုးသားရေး’ ဆိုတဲ့ စကားလုံးဟာ ပိုပြီး ကျယ်ပြန့်တဲ့ အနက်သ ဘောဆောင်ပြီး ကျွန်တော်တို့ ပြည်ထောင်စု တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်” ယာယီသမ္မတက ပြောကြားပါတယ်။

ဒါ့အပြင် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ရေ ၊ မြေ  ပြည်ထောင်စုသားအားလုံး စုပေါင်းမျှဝေလက်ခံထားတဲ့ တန်ဖိုးတွေ၊ ဓလေ့တွေ၊ အတွေးအခေါ်ယုံကြည်မှုတွေကို ကိုယ်စားပြုကြောင်း။ ပြည်ထောင်စုသားတွေမှာ မတူကွဲပြားမှုတွေရှိတယ်လို့ ဘယ်လိုပဲပြောပြော အားလုံးရဲ့ အခြေခံ အုတ်မြစ်တွေတူညီတာကို တွေ့ရ ကြောင်း အတိတ်သမိုင်းကိုလေ့လာကြည့်ပါကလည်း လာရာ တူသလို – လားရာလည်း တူညီနေတာကို တွေ့ရကြောင်းနဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ အခြေခံအမျိုးသားရေးလက္ခဏာတွေဖြစ်တယ်လို့ ယာယီ သမ္မတက ပြောကြားပါတယ်။

“ နိုင်ငံသစ်တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော် အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေ နဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်။ ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက် ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးကို ကျွန်တော်တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ 

မတူကွဲပြားမှုတွေဘယ်လောက်ရှိနေပါစေ အခြေခံဘုံတူညီမှုတွေ ရှိထားပြီးဖြစ်လို့ ယခုလက်ရှိ အခြေအနေ မှာ ပြည်ထောင်စုသားအားလုံးရဲ့  အမျိုးသားစည်းလုံးညီညွတ်ရေးကို ခိုင်မာကျစ်လစ်စွာနဲ့ ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ထားကြောင်း အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ် သင် ချေမှုန်းကို အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ် အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြ ဖို့ ယာယီသမ္မတကဆက်လက်တိုက်တွန်းခဲ့ပါတယ်။