(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားခဲ့ခြင်း

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားခဲ့ခြင်း

(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း သည် အောက်တိုဘာလ ၇ ရက် နေ့နံနက်ပိုင်း၌ ပြုလုပ်သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပထမကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်း ပြောကြားမှု အစီအစဉ် တွင် မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် သံအမတ်ကြီးမှ အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-

(က) နျူကလီးယားလက်နက်များတည်ရှိခြင်းနှင့် အသုံးပြုခြင်းသည် လူသားမျိုးနွယ်များ အတွက် အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုဖြစ်သည်ကို သတိမူရမည်ဖြစ်ပါကြောင်း၊ နျူကလီးယားခြိမ်းခြောက်မှုများသည် လူသားမျိုးနွယ်တည်ရှိမှုအတွက် အဆိုးရွားဆုံး လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုဖြစ်ပါကြောင်း၊

(ခ) နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးသည် ယင်းလက်နက်များ အသုံး ပြုမှု သို့မဟုတ် ခြိမ်းခြောက်မှုများအတွက် တစ်ခုတည်းသော အာမခံချက် ဖြစ်ပါ ကြောင်း၊

(ဂ) ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နျူကလီးယားလက်နက် တားဆီး ပိတ်ပင် ရေး ဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) အသက်ဝင် ခဲ့ခြင်းသည်ကြိုဆိုရမည့် တိုးတက်မှုတစ်ခုဖြစ်ပြီး၊ နျူကလီယား လက်နက်များ ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် များစွာအထောက်အကူပြုမည် ဟု ယုံကြည် ပါကြောင်း၊

(ဃ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ယခု၂၀၂၁ခုနှစ်တွင် အတည်ပြု ပါဝင်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အတည်ပြု ပါဝင်ရေးသည် လက်ရှိတွင်ဖြစ်နိုင်ဖွယ်မရှိပါကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံ၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်သည့် ကတိကဝတ် အပေါ် သံသယ ဖြစ်စရာ မလိုပါကြောင်းနှင့် မြန်မာပြည်သူများမှ တရားနည်းလမ်းကျ ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အမြန်ဆုံး အတည်ပြု ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

(င) ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီတွင် ၁၉၉၅ ခုနှစ်မှစတင်၍ “Nuclear Disarmament” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကနှစ်စဉ် ကမကထပြု တင်သွင်း သည့် ဆုံးဖြတ်ချက် တစ်ရပ်ကို ယခုနှစ်တွင်လည်း ဆက်လက်တင်သွင်း သွားမည် ဖြစ်ပါ ကြောင်း၊ ယခင်နှစ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးခဲ့မှုများအတွက် ကျေးဇူး တင်ရှိ ပါကြောင်းနှင့် ယခုနှစ်တွင် လည်း မြန်မာနိုင်ငံမှ တင်သွင်းမည့် ဆုံးဖြတ်ချက် အဆိုအပေါ် ဆက်လက် ထောက်ခံ ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊

(စ) လက်နက်ဖျက်သိမ်းရေးကဏ္ဍအတွက် တစ်ခုတည်းသော နိုင်ငံစုံအဆင့် ညှိနှိုင်း ဆွေးနွေး သည့် လက်နက်ဖျက်သိမ်းရေးညီလာခံ (Conference on Disarmament) တွင် မြန်မာနိုင်ငံသည် ကနဉီး အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည့် အားလျော်စွာ ယခု ၂၀၂၁ ခုနှစ် အတွင်း အဆိုပါညီလာခံ၌ ဆွေးနွေးမှုများတွင် တူညီဆန္ဒမရရှိခဲ့ခြင်း အပေါ် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် နှစ်ပေါင်း များစွာ နှောင့်နှေးလျက်ရှိသည့် လက်နက် ဖျက်သိမ်းရေး ညီလာခံ၏ လုပ်ငန်းများရှေ့ဆက် ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်၎င်းတို့၏ သဘောထားပျော့ပြောင်းမှုကို ပြသရန် တိုက်တွန်းလိုပါ ကြောင်း၊

(ဆ) ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်၍ အတည်ပြုပါဝင်ခဲ့သည့် အားလျော်စွာ စစ်တပ်မှပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှု မရှိသော်လည်း မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသည် စာချုပ်ပါ အချက်အလက်များကို လိုက်နာ ဆောင်ရွက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ပါကြောင်း၊ မကြာသေးမီအချိန်က လုံလောက်သည့် သက်သေအထောက်အထားများအရ မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် (schedule 1 chemical) ပါ ဓာတု ပစ္စည်းများ ထုတ်လုပ်သည်ဆိုသည့် ဖျက်သိမ်းပြီး ဓာတု စက်ရုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တင်ပြ ကြေညာရန် ပျက်ကွက်လျက်ရှိသည် ကို အရပ်သားအစိုးရက မကြာသေးမီအချိန်ကမှ သိရှိရပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအကျပ်အတည်းများကြောင့် အဆိုပါ ပျက်ကွက်မှုနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊

(ဇ) နိုင်ငံတစ်နိုင်ငံတွင် တရားဝင် အာဏာပိုင်များနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များသည် နိုင်ငံ၏ နယ်မြေဒေသများနှင့် ပြည်သူများကို ကာကွယ်ရန် အတွက် သမားရိုးကျ လက်နက်များအသုံးပြုခွင့်ရှိသည်ကို ယုံကြည်ပါကြောင်း၊ သို့သော်လည်း အာဏာရှိသူများသည် အဆိုပါလက်နက်များကို တာဝန်မဲ့စွာ အသုံးပြုခြင်းကြောင့် လူသားများအနေဖြင့် ထိခိုက် နာကျင်မှုများ၊ သေကြေပျက်ဆီးမှုများနှင့် ဒုက္ခအလုံးစုံကို ခံစားနေရပါကြောင်း၊ အာဏာရှိသူများ သည် အဆိုပါလက်နက်များကို ကိုယ်ကျိုး စီးပွား အတွက် အလွဲသုံးစားအသုံးပြုခြင်းကြောင့် အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားလျှက် ရှိပါကြောင်း၊ မြန်မာပြည်သူများသည် အဆိုပါ အခြေအနေများကို လက်ရှိရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း၊ စစ်တပ်သည် ချေမှုန်းရေး ရိုင်ဖယ်များ၊ လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် အခြားလက်နက်များကို အသုံးပြု၍ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်လျှက်ရှိပါကြောင်း၊

(ဈ) သို့ဖြစ်ပါ၍ မြန်မာစစ်တပ်သို့ လက်နက်များ၊ ကျည်ဆံများနှင့် ဆက်စပ်နည်း ပညာများ ရောင်းချနေသည့် နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင် ပေးနိုင်ရေး အတွက် ရောင်းချနေမှုများကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ပါရန် မေတ္တာရပ်ခံ လိုပါကြောင်း။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် အင်္ဂလိပ်ဘာသာမိန့်ခွန်း အပြည့်အစုံကို ပူးတွဲ ဖော်ပြအပ်ပါသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။

ရက်စွဲ၊ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၇ ရက်။